စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်ဒဏ် ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခြုံစောင်နဲ့ ခြင်ထောင်တွေ လှူဒါန်းနိုင်ခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) ထံမှ သိရပါတယ်။
လှူဒါန်းမှုတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ စေတနာ မေတ္တာတွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ အလှူရှင်တွေ ကိုယ်စား “ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO)” ကနေ ကွင်းဆင်းလှူဒါန်းတာတွေ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
လှူဒါန်းမှုတွေကို ဒီဇင်ဘာလ (၂၅) ရက် ခရစ္စမတ်နေ့နဲ့ ဇန်နဝါရီလ (၁) ရက် နှစ်သစ်ကူးနေ့တွေမှာ (၂) ကြိမ်တိုလှူဒါန်းမှုပြုခဲ့တာလို့ဆိုပါတယ်။
အလှူရှင်တွေကိုယ်စား အဖွဲ့တာဝန်ခံကိုယ်တိုင် မီးဘေးသင့်ပြည်သူတွေထံကို သွားရောက်ပြီး အအေးဒဏ်ကာကွယ်နိုင်ဖို့ ခြုံစောင်တွေနဲ့ ခြင်ထောင်တွေကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အရေးပေါ် အကာအကွယ်အလိုအပ်ဆုံးဖြစ်တဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေကို အဓိကဦးစားပေးကာ လှူဒါန်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလအတွင်း မီးဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲကို တစ်ဖက်တစ်လမ်းကနေ သက်သာစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) အနေနဲ့ လက်ရှိမှာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုကြောင့် အချို့မိသားစုတွေကို ကူညီနိုင်ခဲ့ပေမယ့် ကျန်ရှိနေသေးတဲ့ မီးဘေးသင့် ပြည်သူတွေအတွက် ခြုံစောင်နဲ့ ခြင်ထောင်တွေ ဆက်လက်လိုအပ်နေတာဖြစ်တာကြောင် လှုဒါန်းလိုသူတွေအနေနဲ့ t.me/generationz122021 ကို တိုက်ရိုက်ဆက်သွယ်ကာ လှူဒါန်းနိုင်ကြောင်းကိုလည်း အသိပေးထားပါတယ်။
