စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ခဲယမ်းမလုံလောက်မှုကြောင့် မြို့ကို စွန့်ခွာကာ မြို့ပြင်ကနေ ပိတ်ဆို့ ဝန်းရံထားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့ပေါ်မှာ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန် တော်လှန်ရေးတပ်တွေက စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဟာ နောက်ဆုံးခံစစ် ဘန်ကာအထိုင်နေရာတွေကနေ ခုခံခဲ့ပြီး ဟောင်ဝှစ်ဇာ၊ ပါရာမိုတာ၊ Y12 ၊ အသေခံ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်သား ၁၅ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ခဲယမ်းမလုံလောက်မှုကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရကာ မြို့ပြင်ကနေ ပိတ်ဆို့ဝိုင်းရံထားတယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း တိုက်ပွဲအတွင်း ၃ ယောက်၊ တပ်ကူစစ်ကြောင်းကို ဖြတ်တောက်တဲ့ တိုက်ပွဲမှာလည်း ၃ ယောက်၊ စုစုပေါင်း ၆ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး အပါအဝင် မုံရွာခရိုင် ပကဖရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆တပ်ရင်း ၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင် ခရိုင် 9+1 တပ်ရင်း၊ Burma Army (B.A) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖနဲ့ ဒီပဲယင်းမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း