ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာ ၁၆ ရက်မှာ မြို့ခံပြည်သူတွေ၊ Non CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံချိန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြစ်ဆုံတမံတည်ဆောက်မှု ဒီဇိုင်းကို မူလက ငလျင်ဒဏ် ၇.၁ မဂ္ဂနီကျုနဲ့ တွက်ချက်ထားပေမယ့် စစ်ကိုင်းငလျင်ပေါ် အခြေခံပြီး ငလျင်ဒဏ်ပိုခံနိုင်တဲ့ ဒီဇိုင်းနဲ့ ပြောင်းလဲတည်ဆောက်မှာဖြစ်ပြီး တမံဒီဇိုင်းသစ်ကို Asia Charter Professional Engineer (ACPE) အဖွဲ့က အကြံပြုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရဲ့ မူလ လျှပ်စစ်ထုတ်လုပ်မှု ၆၀၀၀ မဂ္ဂါဝပ်ကနေ ၄၀၀ လျှော့ချကာ ၅၆၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံ သုံးရပ်ကို ဆန်ခါတင်စိစစ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်” လို့ ပြန်လည်စတင်မယ့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး စိုးဝင်းက ပြောပါတယ်။

အဆိုပါ စီမံကိန်းကနေ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက် လက်တွေ့ အကျိုးခံစားခွင့်မရှိတဲ့အတွက် ပညာရှင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့တွေက စီမံကိန်းကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံနေရာဟာ ဧရာဝတီမြစ် စတင်ရာ နေရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားရတဲ့ မြစ်ကြီး ပျက်စီးမှာကိုလည်း ပြည်သူလူထုက စိုးရိမ်ကြပါတယ်။

ရေကာတာ ဆောက်လုပ်လိုက်ရင် ရေကြီးရေလျှံမှု အန္တရာယ်တွေ၊ မြစ်အောက်ပိုင်း ရေကြောင်းပုံစံ ပြောင်းလဲနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေအပြင် ဇီဝမျိုးစုံမျိုးကွဲတွေ၊ ရှားပါးမျိုးစိတ်တွေ နေထိုင်ကျက်စားရာ နေရာတွေ ပျက်စီးနိုင်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွား ယဥ်ကျေးမှုတန်ဖိုးတွေ ထိခိုက်နစ်နာစေတာမို့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရပ်သားတစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကတော့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ စစ်တပ်ရဲ့ လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။