အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ မမျှတနိုင်ဘဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုးလည်း မရနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ (SAC-M) ရဲ့ ဒီဇင်ဘာလ ၅ ရက်က အစီရင်ခံစာသစ်မှာ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ လူမျိုးစုကောင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဓိက တော်လှန်ရေး အစုအဖွဲ့ ၂၅ ခုက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး SAC-M က “Myanmar’s Way Forward” စာတမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။

စာတမ်းအတွင်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတော် ယန္တရားတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်အဖွဲ့ရဲ့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်အတွက် လှည့်ဖျားမှုသက်သက်ဖြစ်ကြောင်း၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်းတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီအတုအယောင် ရွေးကောက်ပွဲတွေကို ပြတ်ပြတ်သားသား ပယ်ချပြီး စစ်အာဏာရှင်အဖွဲ့ လိုအပ်နေတဲ့ တရားဝင်မှုကို မပေးဖို့ ဆွေးနွေးထားပါတယ်။

SAC-M အဖွဲ့ဝင် ဒေါက်တာ ရန်ဟီးလီ က “မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီလမ်း ဆက်ပွင့်နိုင်ဖို့နဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်ရဲ့ မှောင်မိုက်တဲ့နေ့ရက်တွေဆီ ပြန်ပို့မယ့် စစ်အုပ်စုရဲ့ သွေးစွန်းတဲ့ စစ်ဆင်ရေးကို ခုခံဖို့အတွက် ငါးနှစ်နီးပါး ကာလပတ်လုံး အရာအားလုံးကို စွန့်လွှတ်ခဲ့ရပါတယ်။ အစိုးရတွေဟာ စစ်အာဏာရှင်အဖွဲ့ရဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို ပြတ်ပြတ်သားသား ပယ်ချခြင်းအားဖြင့် မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ရပါမယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်တာဟာ ပြည်သူတွေကို သစ္စာဖောက်တာဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းက သူတို့ထိန်းသိမ်းပါမယ်လို့ ပြောတဲ့ တန်ဖိုးတွေကို ပစ်ပယ်တာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

SAC-M က မာဇူကီ ဒါရုစ်မန် ကလည်း “ကိုယ်စားလှယ်လောင်းတိုင်းနီးပါးကို စိတ်ကြိုက်ရွေးချယ်ထားပြီး ဒီမိုကရေစီအတိုက်အခံတွေကို ဖမ်းဆီးသတ်ဖြတ်ထားတဲ့၊ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အတင်းအကြပ် ဖိအားပေးဖို့ရာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အသုံးပြုနေတဲ့ တရားမဝင် စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဘယ်စံနှုန်းနဲ့မှ မကိုက်ညီပါဘူး။” “ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေးကို လိုက်နာတယ်ဆိုပြီး ဒီအတုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နှုတ်ပိတ်နေကြတဲ့ အစိုးရတိုင်းဟာ သွယ်ဝိုက်ထောက်ခံနေတာဖြစ်ပြီး ရှက်ဖို့ကောင်းတယ်၊ မြန်မာပြည်သူ တရပ်လုံးအပေါ် အကြမ်းဖက်တဲ့ ဒီမိုကရေစီဆန့်ကျင်ရေး လုပ်ရပ်တွေကို ကျူးလွန်ရာမှာ စစ်အာဏာရှင်အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းကြံစည်နေတာ ဖြစ်တယ်” လို့ ထောက်ပြပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ SAC-M ရဲ့ စာတမ်းက ဒီရွေးကောက်ပွဲတွေဟာ ၂၀၁၀ ခုနှစ်တွေကလို အကန့်အသတ်နဲ့ ဒီမိုကရေစီ ပြန်ရနိုင်မယ်ဆိုတဲ့ အယူအဆမှားကိုလည်း ပယ်ချထားပါသေးတယ်။ အာဏာရှင်ရဲ့ ထောက်တိုင်အဖွဲ့တွေ မျှော်လင့်ထားသလို အတုအယောင် ရွေးကောက်ပွဲတွေဟာ နောက်ထပ်လမ်းသွယ်တခု ပွင့်လာစေမှာမဟုတ်ဘဲ ဆွေးနွေးမှုဖြစ်နိုင်ခြေတွေ ပိတ်ပင်သွားတာ၊ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ပဋိပက္ခကို ပိုမိုဆိုးရွားစေတာ၊ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုမိုဆိုးရွားစေတာမျိုး ဖြစ်စေနိုင်တယ်လို့ SAC-M က ဆိုထားပါတယ်။

စစ်အာဏာရှင်အဖွဲ့နဲ့ လုံးဝဆန့်ကျင်ဘက် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အရပ်ဘက်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးတို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘုံအမြင်ကို တင်ပြထားပြီး စိန်ခေါ်မှုတွေ၊ တိုးတက်မှုတွေနဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ပြောဆိုထားတယ်လို့ SAC-M က ပြောပါသေးတယ်။

SAC-M ရဲ့ ခရစ် ဆီဒိုတီ ကလည်း “မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်လေးစားတဲ့၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မှ ဥပဒေအထက်မှာ မရှိတဲ့၊ ငြိမ်းချမ်းပြီး တန်းတူညီမျှတဲ့ အနာဂတ်အတွက် သူတို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေပါတယ်။” “အချိန်အတော်ကြာသည့်တိုင်အောင် နိုင်ငံတကာ အသိုက်အဝန်းဟာ ဒီဝန်ထုပ်ဝန်ပိုးကို မြန်မာပြည်သူတွေကို တယောက်တည်း ထမ်းထားစေခဲ့တယ်၊ ဒီအတွက် အရင်းအနှီးလည်းကြီးခဲ့တယ်။ နိုင်ငံတကာအနေနဲ့ NUG၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို တကယ့်နိုင်ငံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးအပ်ဖို့ လိုပါတယ်။” “တချိန်တည်းမှာပဲ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် မင်းအောင်လှိုင်ကို တရားစွဲဆိုရေး အပါအဝင် မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိစေရေး ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာအနေနဲ့ တာဝန်ရှိပါတယ်” လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် SAC-M ဟာ စစ်အုပ်စုစီစဉ်တဲ့ ရွေးကောက်ပွဲတွေနဲ့ ရလဒ်အားလုံးကို ပယ်ချဖို့၊ မြန်မာပြည်ရဲ့ တရားဝင်ကိုယ်စားလှယ်တွေကို ပံ့ပိုးကူညီမှုတွေ တိုးချဲ့ပေးဖို့ နိုင်ငံတကာထံ တောင်းဆိုတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တောင်းဆိုချက်တွေကို ထပ်မံတိုက်တွန်း တောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။