စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အမျိုးသား လူငယ် ၄ ယောက် စစ်သင်တန်း ပို့ဆောင်ခြင်းမခံရခင် အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၈ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြော၊ ဘူးကုန်းစစ်အထိုင်ဂိတ်စခန်းမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အမျိုးသားတွေရှိခဲ့ပြီး အဲ့ဒီထဲက ၄ယောက်ဟာ စစ်အုပ်စုရဲ့ ကျွန်းလှအချုပ်ခန်းကနေ ခက်ခက်ခဲခဲနဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေဟာ တစ်နေ့တည်း ဖမ်းဆီးခံရသူတွေမဟုတ်ဘဲ အကြောင်းအမျိုးမျိုးနဲ့ ဘူးကုန်းဂိတ်ကို ဖြတ်သွားချိန်မှာ စစ်အုပ်စုရဲ့ အဓမ္မ စုဆောင်းတာကို ခံခဲ့ကြရတာဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်က ဖော်ပြထားတဲ့ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ရုပ်သံဖိုင်အရ သိရပါတယ်။

ရုပ်သံဖိုင်အတွင်း အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ယောက်က “ကျနော်က မုံရွာမြို့နယ်၊ ချမ်းသာကျွန်းရွာကပါ။ မြစ်ကြီးနားဘက် ငှက်ပျောခြံအလုပ်သွားလုပ်မလို့ စံရတီ (မုံရွာ-မြစ်ကြီးနား) အန်စာတုံးကားစီးလာတာကနေ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဘူးကုန်းဂိတ်မှာ စစ်ဆေးဖို့ဆိုပြီး ခြောက်ပေါက်ချ ဖမ်းခံရတာ၊ ၄ ရက်‌လောက် ခြောက်ပေါက်ချပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ ၆ ဘီးကားနဲ့ ပို့တာ။ အားလုံးပေါင်း ကားပေါ်မှာ ပေါ်တာဆွဲဖမ်းထားတာ ၂၀ ကျော်ပါတယ်၊ ဇီးကုန်းဘက်ဂိတ်တစ်ခုက‌နေလည်း ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက် တင်ပေးလိုက်သေးတယ်၊ ကန့်ဘလူ‌ရောက်မှ Faw ကားကြီးပြောင်းပြီး ကျွန်းလှပို့တာ။ ကျွန်းလှမြို့အဝင် ဆိုင်းဘုတ်နားက ချောင်းစပ် ၄ပေပတ်လည် အခန်း ၂ ခန်းတွဲမှာ လူ ၃၀ ကျော်ထားတာ။ ဦးဇင်းတစ်ပါးလည်း အဲ့ဒီမှာဖမ်းထားသေးတယ်ဗျ”လို့ သူ ဖမ်းဆီးခံရပုံကို ရှင်းပြပါတယ်။

ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို ၆၀၀၆ တင့်ကားတပ်ရင်းဆီ အရင်မပို့ဆောင်ခင် စစ်အုပ်စုက ကျွန်းလှမြို့နယ်က အချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး အဲ့ဒီလိုချုပ်ထားရာကနေ အသက် ၁၉ နှစ်အရွယ် လူငယ်က ဦးဆောင်ကာ အခုလို လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

“ကျနော်က အသက် ၁၉ နှစ်၊ ရေစကြိုမြို့နယ် ဂွေးခုံရွာမှာနေပါတယ်။ မြစ်ကြီးနားက ငှက်ပျောခြံမှာအလုပ်လုပ်ဖို့ ရေစကြိုကနေ light truck ကား ၃ စီးနဲ့ လာကြတာ။ ကျန်တဲ့ဂိတ်တွေက အေးဆေးပဲ။ နိုဝင်ဘာ ၂ ရက်နေ့က ဘူးကုန်းဂိတ်‌ရောက်မှ လာတဲ့ကား ၃ စီးမှာ ရှေ့ကအစီးက လွတ်သွားပြီး ကျန်တဲ့နှစ်စီးကလူတွေကို မှတ်ပုံတင်ကြည့်ပြီး အောက်ဆင်းခိုင်းတာ၊ ကားနှစ်စီး‌ပေါင်း ကျနော်အပါအဝင် (၁၃)ယောက် ပေါ်တာဆွဲပြီး ဖမ်းခံလိုက်ရတာ။ ၃ ရက်နေ့မနက်မှာပဲ ဟိုအစ်ကိုတို့နဲ့အတူ ကျွန်းလှပို့ခံရတာ” လို့ လွတ်မြောက်မှုကို ဦးဆောင်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်က ပြောပြပါတယ်။

သူ့ရဲ့ ပြောပြချက်အရ စစ်အုပ်စုက ဖမ်းဆီးထားသူတွေကို ထွက်မပြေးနိုင်အောင် အစားအသောက်ထဲ ဆေးခပ်တာ၊ ဝါဒဖြန့် လိမ်လည်စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

“အိမ်သာ‌ရေ၊‌ သောက်‌‌ရေ၊ ချိုး‌ရေက အတူတူပဲ၊ ထမင်းကလည်း မသေရုံကျွေးတာ၊ ထမင်းဟင်း‌တွေထဲ ဆေးခတ်တယ်ထင်တယ်၊ စားပြီးရင် မူးပြီး ပျော့ခွေနေတာ။ အိပ်ပဲ အိပ်နေရတာ။ လူစေ့အကုန်ဖြစ်တာ။ စစ်ဗိုလ်တစ်‌ယောက်က တစ်ရက်ခြားလာပြီး အချိုသပ်စည်းရုံးရေးစကားတွေပြောတာ။ သူတို့က နှစ်ဆယ်ချီပြီ ဟိုကောင်တွေက မနေ့တနေ့ကမှ ဖြစ်လာတာ။ ငါတို့က မတိုက်ချင်သေးလို့။ တင့်ကား‌တွေ၊ လက်နက်စက်ရုံတွေလည်းရှိတယ်။ မင်းတို့ PDF ဘက် ရောက်ရင်ဖမ်းပြီးသတ်ခံရမှာ ဘာညာ အမြဲလာပြောနေတာ” လို့ ဆိုပါတယ်။

ကျွန်းလှစစ်အုပ်စုအချုပ်ခန်းမှ လွတ်မြောက်လာသူ ၄ ဦးအား တွေ့ရစဥ် (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်)

သူကပဲ ဆက်ပြီး “ကျနော်က ဒီလိုကြီးတော့ ဘယ်လိုမှ မနေနိုင်ဘူး ဆုံးဖြတ်ထားတာ။ ရောက်တဲ့နေ့ ညကတည်းက သံဆူးကြိုးက အပြားလေး ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်းအောက်ခင်းပြင်ကို တိုက်ဖြတ်နေတာ၊ မရနိုင်‌တော့ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပျဥ် ၃ ပြားကို (၈) ရက် တိုက်ဖြတ်ခဲ့ရတာ၊ ၁၀ ရက်နေ့ ည ၁၁ ခွဲမှာထွက်ပြေးခဲ့ကြတာ၊ ကျန်တဲ့သူတွေကို နှိုးတယ်.. နှိုးမရဘူး။ ကျနော်တို့ ၄ ယောက်က အဲ့ညနေ ထမင်းပဲစားတာ ဟင်းမစားဘူး မထနိုင်မှာမို့။ ထွက်ပြေးရတာ ဖိနပ်မပါ ဓာတ်မီးမပါ၊ ကိုယ့်‌ဒေသမဟုတ်‌တော့ လမ်းမကျွမ်းဘူး။ မီးအလင်း‌ရောင် ရှောင်ကွင်း၊ ငှက်‌ပျောသီးမီးဖုတ်စားပြီး ၃ ည လမ်းလျှောက်ပြီးမှ တော်လှန်ရေးအဖွဲ့တွေဆီရာက်ခဲ့တာ”လို့ အချုပ်ခန်းဖောက်ပြေးရာမှာ ဦးဆောင်ခဲ့တဲ့အသက် ၁၉ နှစ်အရွယ် လူငယ်က ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောက ဘူးကုန်း၊ စံပယ်နံ့သာ စတဲ့ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းတွေဟာ ခရီးသွားလူငယ်လူရွယ် အမျိုးသားတွေသာမက ဘုန်းကြီးနဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးလေ့ရှိရာ အရပ်သား ရာနဲ့ချီ ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

“ကလေးတွေက လက်ရှိတော့ လွတ်မြောက်ရာကို ချိတ်ဆက်ပို့လိုက်ပါပြီ။ ပျဥ်တွေကို ၈ရက်လောက် ဖြတ်ခဲ့ရတယ်ပြောတယ်။ ၁၉နှစ်ကလေးက ဦးဆောင်ပြီးလုပ်ခဲ့တာပါ။ ၈ရက်မြောက်ညမှာပဲ ထွက်ပြေးလာခဲ့တာပါ။” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခုလို ဖမ်းဆီးမှုဟာ ဒေသတွင်း သင်္ကန်းဝတ်လက်နက်ကိုင် ဝါသဝရဲ့ ပျူစောထီးတပ် အင်အားတွေအတွက် ဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ပြောပါတယ်။

“တနိုင်ငံလုံးက ပျူအင်အားကလည်း ဝါသဝပျူတွေပဲဆိုတော့ ပေါ်တာဆွဲတာက တစ်ဂိတ်တည်းမဟုတ်ပါဘူး။ ဒီ ဗျူဟာလမ်းကြောမှာ တစ်ဂိတ်မဟုတ်တစ်ဂိတ်ရှိနေတာပါ။ အဲ့ဒါကြောင့် ဒီလမ်းကြောကို သတိထား သွားလာစေချင်ပါတယ်။”လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း စံပယ်နံ့သာ ဂိတ်စခန်းကနေ ဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ယောက်ဟာ ကန့်ဘလူမြို့ကို အန်စာတုံးကားနဲ့ ပို့ဆောင်ခံရချိန်မှာ ကားသမားကို ထိန်းချုပ်အကြပ်ကိုင်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။
Read More

အောက်ခြေမှာ အလံဖြူတွေထောင်၊ ဘဝတွေပျက်၊ အသက်တွေ ဆုံးရှုံး၊ သူကတော့ ပွဲတက်လို့ကောင်းတုန်း

ရခိုင်ပြည်နယ် မောင်တောက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နခခ (၅) လို စခန်းကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နေချိန်၊ စစ်ကောင်စီ တပ်သား ၄၀၀ ကျော် သေဆုံးနေချိန်၊ တချို့စစ်သားတွေ ရသမျှ အဖြူစ ကိုင်စွဲပြီး လက်နက်ချ အညံ့ခံနေရချိန်မှာ သူတို့ရဲ့ ခေါင်းဆောင် အာဏာရှင် မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကို တက်ရောက်နေတာဖြစ်ပါတယ်။
Read More

အပူရုပ် ဟန်လုပ် ပွဲကြိုက် မင်းအောင်လှိုင် (သရော်စာ)

ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။
Read More

ကြိုတင်အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်နိုင်ခဲ့၊ ဒီစခန်းသိမ်းပွဲဟာ ချိုမြိန်တဲ့ လက်စားချေမှု ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ပြော

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ စခန်းကို အောင်နိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ လက်စားချေမှုတစ်ခုဖြစ်တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။