ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် မကြာသေးမီက ခန့်အပ်လိုက်တဲ့ လာဇာရိုဟာ ဖိလစ်ပိုင်အနေနဲ့ အစကနေ ပြန်မစဘဲ လက်ရှိ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အခြေခံပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“မလေးရှားက ထိတွေ့ဆက်ဆံမှု ၁၁၇ ခုလောက် လုပ်ဆောင်ခဲ့ပါတယ်။ မလေးရှားလုပ်ခဲ့သမျှ ဒါမှမဟုတ် အရင် ဥက္ကဋ္ဌတွေ လုပ်ခဲ့သမျှကို ကျမတို့အနေနဲ့ အစကနေ ပြန်ပြီးတော့ လုပ်လို့မရနိုင်ဘူးလို့ ယူဆပါတယ်” “တည်ဆောက်ထားပြီးသား အရာတွေကို အခြေခံပြီး ဆက်လက် လုပ်ဆောင်သွားနိုင်မယ်လို့ ဖိလစ်ပိုင်နိုင်ငံက ယူဆပါတယ်၊ ဒါဟာ ဖိလစ်ပိုင်ရဲ့ ရပ်တည်ချက်လည်း ဖြစ်ပါတယ်” လို့  လို့ လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လာမယ့်နှစ်ကုန်ပိုင်းမှာ စစ်အုပ်စု ပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို လေ့လာသူ စေလွှတ်ရေးနဲ့ပတ်သက်လို့ ဒီကိစ္စဟာ အာဆီယံတရပ်လုံးက ဆုံးဖြတ်ရမယ့်အရေးဖြစ်တယ်လို့ သူမက သတင်းထောက်တွေကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာတော့ အာဆီယံအနေနဲ့ လေ့လာစောင့်ကြည့်သူ စေလွှတ်ဖို့ သဘောတူညီမှုမရခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးအရ စေလွှတ်လိုက စေလွှတ်နိုင်တဲ့သဘော ဆွေးနွေးမှုရှိခဲ့တယ်လို့ သံတမန်သတင်းအရင်းအမြစ်ကို ကိုးကားပြီး AFP က ဖော်ပြထားတာပါ။ 

၂၀၂၂ ဇွန် ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ယခုဓာတ်ပုံတွင် ASEAN နိုင်ငံခြားရေး ဝန်ကြီးများသည် ဂျာကာတာရှိ ASEAN အထွေထွေဆောင်ရွက်ရေးဌာန ဌာနခွဲအဆောက်အအုံ၌ ကျင်းပပြုလုပ်သော အထူးအနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (SAFMM) ကို တက်ရောက်နေကြသည့် အနေအထားကို ဖော်ပြထားသည်။ အရှေ့တောင်အာရှနှင့် ဆိုင်သည့် နိုင်ငံခြားရေးဝန်ကြီးများသည် နိုဝင်ဘာလတွင် ပြုလုပ်မည့် ASEAN ထိပ်သီးညီလာခံမတိုင်မီ မြန်မာနိုင်ငံရှိ နိုင်ငံရေး အခြေအနေအကျပ်အတည်းကို ဆွေးနွေးရန် ဂျကာတာတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသော်လည်း၊ မြန်မာစစ်အာဏာရှင်က မည်သူမှ ကိုယ်စားလှယ်တက်ရောက်ခြင်း မရှိပါ။ (ဓာတ်ပုံ AFP)

အာဆီယံအဖွဲ့အနေနဲ့ နှစ်စဉ် ဥက္ကဋ္ဌရာထူး အပြောင်းအလဲနဲ့အတူ လှည့်လည်တာဝန်ပေးနေတာမျိုး မဟုတ်ဘဲ မြန်မာ့အရေးအတွက် ရာထူးသက်တမ်း ပိုမိုရှည်ကြာမယ့် အထူးကိုယ်စားလှယ်တဦးကို ခန့်အပ်ဖို့ စဉ်းစားနေကြောင်းကိုလည်း လာဇာရိုက ပြောပါသေးတယ်။ 

“ဖိလစ်ပိုင် ဥက္ကဋ္ဌဖြစ်နေစဉ်မှာ ဒီကိစ္စတွေအားလုံး အထူးသဖြင့် သက်တမ်းပိုကြာမယ့် အထူးကိုယ်စားလှယ်တဦးကို ထားရှိရေး ဖြစ်နိုင်ခြေကို ဆွေးနွေးသွားမှာပါ” လို့ သူမက ဆိုပါတယ်။

မလေးရှားရဲ့ ဥက္ကဋ္ဌရာထူးဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ ရွေးကောက်ပွဲ မစတင်မီ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအနေနဲ့ လေ့လာသူစေလွှတ်မလွှတ်အပေါ် သဘောတူညီမှုရဖို့ အချိန်နည်းနေပါတယ်။

လာဇာရိုကတော့ အလုပ်အဖွဲ့ အစည်းအဝေးတချို့ကို မလေးရှားရဲ့ ဦးဆောင်မှုအောက်မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပေမယ့် ဇန်နဝါရီလ အစည်းအဝေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီးတွေက သူတို့ရဲ့ မဟာဗျူဟာကို ဆွေးနွေးဆုံးဖြတ်ကြချိန်မှာ ဖိလစ်ပိုင်အနေနဲ့ မြန်မာ့အရေးကို တကယ်တမ်း စတင် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

ရိုဟင်ဂျာ ၄၀ ကျော်ကို ပင်လယ်ထဲပစ်ချခဲ့သည်ဟု အိန္ဒိယအာဏာပိုင်များ စွပ်စွဲခံရ

လူ့အခွင့်အရေးရုံးက ဒါဟာ “အသိစိတ်မရှိတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေပဲ” လို့ ဆိုထားပြီး ဒီအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက် ခန့်ထားတယ်လို့ ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ ဒါ့အပြင် “ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ပြန်ပို့တာအပါအဝင် လူမဆန်စွာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဆက်ဆံမှုမျိုးတွေ ရှောင်ရှားဖို့” ကုလသမဂ္ဂအေဂျင်စီက အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော် သေဆုံးကာ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဆိုတာ ဒီမိုကရေစီ အစပျိုးပေးမည့်သူ မဟုတ်၊ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်သာ ဖြစ်သည်ဟု SAC-M ပြော

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။