မကွေးတိုင်း၊ မကွေးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် ၁နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၆ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ နီးပါး ​ညှင်းပန်းနှိပ်စက်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က နိုဝင်ဘာလ ၁၅ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့ မကွေးအကျဥ်းထောင်မှာ ဒီနှစ် (၂၀၂၅) ၁ နှစ်အတွင်း ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံရေးအကျဥ်းသား ၅ယောက်သေဆုံးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ခွင့် လုံလုံလောက်လောက် မရရှိခဲ့မှုကြောင့် နိုင်ကျဉ်း ၁ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးအကျဥ်းထောင်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အယောက် ၄၀ နီးပါး ရိုက်နှက်နှိပ်စက်ခံထားရတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့စောင့်ကြည့် ဖော်ပြချက်အရ ပြီးခဲ့တဲ့ နှစ်၂၀၂၄ ခုနှစ်ကစလို့ မကွေးအကျဉ်းထောင် အာဏာပိုင်တွေနဲ့ အခြားအကျဥ်းသားတွေဟာ နိုင်ငံ​ရေးအကျဥ်းသားတွေအပေါ် ဖိနှိပ်တာတွေ ပိုပြီးလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ထားတာဆိုပြီး တောင်ယာလုပ်ငန်းနဲ့ မြောင်းတူး၊ မြောင်းဖော်လုပ်ငန်းတွေ အဆက်မပြတ် လုပ်ကိုင်စေကြောင်းနဲ့ ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဥ်းသားသစ်တွေကို ထောင်ဗူးဝတင်ရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း PPNM ကဖော်ပြပါတယ်။

“အရင်ကဆို နိုင်ကျဥ်းတွေက အကျဥ်းထောင်လုပ်ငန်းတွေ ဝင်လုပ်ရတာ သိပ်မတွေ့ရဘူး။ ဒီနှစ်ထဲကျ မင်းတို့ဘာသာဘာဖြစ်ဖြစ် ထောင်ကပေး​တဲ့အလုပ် လုပ်ရမယ်ဆိုပြီး ခိုင်းလာတယ်။ မိလ္လာသယ်တာတို့ မြောင်းဖောက်တာတို့လို ခက်ခဲတာတွေကအစပေါ့။ နောက်ပြီး ထောင်ကို ရောက်လာတဲ့ နိုင်ကျဥ်းတွေကို ရိုက်တယ်။ ပြီးရင်ဆေးမကုပေးပဲ တိုက်ပိတ်တယ်။ ပြီးတော့ထောင်ကို တော်လှန်ရေးတပ်တွေ တိုက်တော့ နိုင်ကျဥ်းတွေကို သေလုမြောပါးဖြစ်အောင်ရိုက်တာ၊ ကျည်အစစ်သုံး ပစ်ခတ်ဖြိုခွင်းတာတွေလုပ်ခဲ့ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

ဒါတင်မကသေးပဲ မကွေးထောင် ဒုတိယထောင်ပိုင် သန်းကျော်တင့်နဲ့ ဦးစီးမှူး ဝင်းထွန်းတို့ကလည်း အကျဉ်းသားတွေရဲ့ လုပ်အားအပေါ် ကိုယ်ကျိုးအတွက်အသုံးပြုရင်း အကျဉ်းသားတွေဆီက ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးရယူလေ့ရှိတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ဒီလိုမျိုးထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေအပေါ် အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြား‌ရေးမှူးလာချိန်မှာ တင်ပြခဲ့တဲ့နိုင်ငံရေးအကျဉ်းသား ကိုဟိန်းဝင်းလတ်ကိုလည်း ထောင်အာဏာပိုင်ဆိုသူတွေက အငြှိုးထားကာ ညွှန်ကြားရေးမှူးပြန်သွားချိန်မှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။

“အောက်တိုဘာလ ကဖြစ်ခဲ့တာ၊ အခုထိ ကိုဟိန်းဝင်းလတ်က ထောင်ထဲမှာပါ။ ဒါ​ကြောင့် ဒီနာမည်ကို ထုတ်ပြန်ခဲ့တာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အနေနဲ့လည်း အခုလို အခြေအနေတွေအပေါ် စဉ်ဆက်မပြတ်စောင့်ကြည့်နေကြောင်းနဲ့ နစ်နာနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်စား အမှန်တရားနဲ့ တရားမျှတမှုကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အကူးအပြောင်းကာလနဲ့ အကူးအပြောင်းကာလမတိုင်ခင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပေးနိုင်ဖို့ မကွေးဒေသက မိတ်ဘက်အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်

၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး "ဒိုလေး" ကို "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။