ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကနေ အလံဖြူထောင် လက်နက်ချတဲ့ စစ်သားတွေ၊ ကစဥ့်ကလျား ထွက်ပြေးလာတဲ့ စစ်သားတွေကို ဆက်တိုက်ဖမ်းဆီးရမိနေတယ်လို့ AA က ဆိုပါတယ်။

အဆိုပါ ဒေသတွေမှာ AA က စစ်အုပ်စုရဲ့ ထိုးစစ်တွေကို ခုခံစစ်နဲ့အတူ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနေပြီး စစ်ကော်မရှင်ရဲ့ မတရားသဖြင့် စုဆောင်းခံထားရတဲ့ တပ်သားသစ်တွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်အရေးရတာနဲ့ နေ့စဥ် ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ကပစ (၁၆) အနီးတိုက်ပွဲတွေကနေ စစ်တပ်ရဲ့ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၁) နဲ့ ခမရ (၃၆၃) တပ်ရင်းတွေကနေ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၂၅၀၀ အကွာက လေလာတောင် ပတ်ဝန်းကျင်အနီး တိုက်ပွဲတွေကနေလည်း နိုဝင်ဘာ ၈ရက်နဲ့ ၉ရက်နေ့တွေမှာ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းတစ်ခုတည်းက အလံဖြူထောင်၊ တပ်ပြေး၊ ဖမ်းမိသူ စုစုပေါင်း ၁၀ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က ပန်းတောင်းမြို့နယ်၊ ကပစ (၁၆) အနီး တိုက်ပွဲတွေမှာလည်း စစ်တပ်ရဲ့ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၃) တပ်ရင်းက အကြမ်းဖက်စစ်သား ၄ယောက်ကိုလည်း လက်ရဖမ်းဆီးရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၈ရက်နေ့ မနက်ပိုင်းမှာ နတ်ရေကန်ဗျူဟာကုန်းကနေ စစ်တပ်ရဲ့ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန် အခြေစိုက်တပ်က တပ်ကြပ်မျိုးမင်းထွန်းဟာ ရခိုင့်တပ်တော်ထံ အလင်းဝင်လာခဲ့ပါသေးတယ်။ စကခ (၁၇)/ မိုင်းပန်ရဲ့ ကွပ်ကဲမှုအောက်ရှိ အဆိုပါ တပ်ရင်းဟာ နတ်ရေကန်ဗျူဟာကုန်းမှာ AA ရဲ့ ဝန်းရံပိတ်ဆို့မှုကို ခံထားရတဲ့ တပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာတွေ အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အတွင်း စစ်ကော်မရှင်ထံကနေ ဖမ်းဆီးရမိသူ အယောက် ၂၀ ကျော်နဲ့ လက်နက်ချ အလင်းဝင်သူ အယောက် ၂၀ ကျော် အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့ အလင်းဝင်သူ စစ်သားတွေဟာ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀) စတဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံ ခလရ (၆၃) အိမ်မဲ၊ ခလရ (၂၇၁) ပုသိမ် စတဲ့ တပ်ရင်းတွေက ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူနဲ့ ဖမ်းဆီးရမိသူ စစ်သားအားလုံးနီးပါးဟာ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရတဲ့ သင်တန်းဆင်းတွေဖြစ်ပြီး တချို့က အသက် ၁၈ နှစ် မပြည့်သေးသူတွေနဲ့ အထက်တန်းကျောင်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင့်တပ်တော် AA အနေနဲ့ လက်နက်ချ အလင်းဝင်လာသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ တပ်သားသစ်တွေအနေနဲ့ AA နဲ့ ရင်ဆိုင်နေရတဲ့ မည်သည့်စစ်မျက်နှာပြင်မှာမဆို အလံဖြူထောင်ကာ ဒါမှမဟုတ် နီးစပ်ရာကတဆင့် ဆက်သွယ်ကာ အလင်းဝင်နိုင်ကြောင်း အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

နမခ မှာ စစ်မှုထမ်းနေသူ လူငယ် ၄ ဦး လက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှာ စစ်မှုထမ်းဆောင်နေတဲ့ လူငယ်‌ ၄ယောက်ဟာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Union Liberation Front - ULF V 02 က ထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် - ၁၅ က ထုတ်ပြန်ထားပါတယ်။
Read More

အိုးဘိုထောင်တွင် ၅၀၅ (က)ဖြင့် အကျဥ်းကျနေသူ တစ်ထောင်ကျော်အနက် ၂၃၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း PPNM ထုတ်ပြန်

အကြမ်းဖက်စစ်ကော်မရှင်ဟာ မကြာခင် ကျင်းပမယ့် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူတွေကို လွှတ်ပေးကြောင်း ကြေညာထားပေမယ့် မန္တလေး အိုးဘိုထောင်အတွင်း ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရသူတွေထဲက ၅ပုံ ၁ပုံခန့်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ခမရ (၅၅၆) မှ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း(၆၀) ချီးမြှင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။