တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့အောက်တိုဘာ ၃၁ ရက်မှာ ဒူရကစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၂ ယောက် သေဆုံးပြီး စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်ကော်မရှင်တပ်သားတွေထံကနေ Uzi သေနတ် ၆ လက်၊ G3 ၇ လက်၊ Shot Gun/Smoke gun ၂ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြူး ၄ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ Jammer စက် ၂ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Video – ဒူရက စစ်ကြောင်း