ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဘောင်ဒါအထိုင်စခန်းကနေ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် အမှတ် (၂)၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီအချိန်မှာ လူအချိန်းအပြောင်းလုပ်ပြီးပြန်လာတဲ့ အင်အား ၄၄ ယောက်ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးရဲဘော်တွေက တောင်လည်ကျေးရွာအနီး အရပ်ခေါ် (ဂွေးပင်ကုန်း) နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကို စစ်တပ်က အထမ်းစင်တွေနဲ့ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၁၂ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ စစ်တပ်စစ်ကြောင်းက ကျန်ခဲ့တဲ့ စစ်သုံးကျောပိုးအိတ် (၁)လုံး၊ MA ကျည်ဘောက် (၁)ခု၊ BA (100) ဗုံးသီး (၁)လုံး၊ 5.56 ကျည် (၇၀)တောင့်၊ power bank (၁)လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ အထိုင်စခန်းက ထွက်လာတဲ့ အင်အား (၅၀) ခန့်ပါတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းကို ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ်(၂)၊ ၃၆၀၂ တပ်ရင်း တပ်ခွဲ(၃)၊ တပ်ခွဲ(၄)နဲ့ ရွှေတောင် (ပကဖ) တို့ ပူးပေါင်းပြီး အုတ်ဖိုကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။