မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အပြစ်မဲ့ပြည်သူတွေကို ရရာနည်းလမ်းသုံးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေမှုမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လူအရောင်းအဝယ် လုပ်ကာ စုဆောင်းနေတာတွေလည်း ရှိနေပါတယ်။

စစ်ကော်မရှင်တပ် ခမရ (၄၀၅) ကနေ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ ထွက်ပြေးလွတ်မြောက်လာသူ တပ်သား ရန်နိုင်လင်းရဲ့ ပြောပြချက်အရ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အဆင်မပြေလို့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ့် သူအပါအဝင် လူ ၅ယောက်ကို ပွဲစားဆိုသူက စစ်ကော်မရှင်တပ်ထံ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ပွဲစားဆိုသူက အဆိုပါ အမျိုးသား ၅ယောက်ကို ရော်ဘာခြံတစ်ခြံမှာ ထားခဲ့ပြီး မိုးလင်းရင် ပြန်လာခေါ်မယ်လို့ ပြောခဲ့ပေမယ့် နောက်နေ့ မနက် ၂နာရီလောက်မှာ အရပ်ဝတ်နဲ့ စစ်ကော်မရှင်တပ်သားတွေ လာရောက်ခေါ်ဆောင် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ သူတို့ ၅ယောက်လည်း ထိုင်းကိုပို့ပေးမယ်အထင်နဲ့ လိုက်ပါသွားခဲ့ပေမယ့် သင်တန်းကျောင်း ရောက်မှသာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရကြောင်း သိခဲ့တယ်လို့ ဆိုပါတယ်။

“ရော်ဘာခြံထဲမှာ ကျနော်တို့ကို သိပ်ထားတယ်။ နောက်နေ့မနက်ဆို အစောကြီးလာခေါ်မယ်ဆိုပြီးတော့ ထားခဲ့တယ်။ နောက်နေ့ မနက် ၂ နာရီလောက်ပဲရှိသေးတယ် ကျနော်တို့ကိုလာခေါ်တယ်။ လာခေါ်တာကလည်း စစ်သားတွေ.. အဲဒီပွဲစားက ကျနော်တို့ကို စစ်တပ်ထဲမှာ ရောင်းသွားလိုက်တာ” လို့ ထွက်ပြေးလွတ်မြောက်လာသူ တပ်သား ကိုရန်နိုင်လင်းကပြောပါတယ်။

အဆိုပါ စစ်သင်တန်းကျောင်းကို ရောက်သွားချိန် ဖမ်းဆီးခံထားရသူ အယောက် ၃၀ ထက်မနည်း တွေ့ခဲ့ရပြီး စစ်မှုထမ်းဖို့ အဖမ်းခံရကြောင်း သိရှိပြီးနောက် နေအိမ်ကို ဖုန်းဆက်ခွင့် တောင်းခဲ့ပေမယ့် ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

“ဒီကိုခေါ်လာတာ မင်းတို့ကို ဘန်ကောက်တို့ဖို့ မဟုတ်ဘူးတဲ့။ ဘန်ကောက်ကို ခေါ်သွားဖို့လည်း မဟုတ်ဘူး။ မင်းတို့ကို တပ်ထဲသွင်းဖို့ ပေါ်တာဆွဲလာတာတဲ့။ အဲဒါဆို အိမ်လေးတော့ ဖုန်းပေးဆက်ပါပြောတော့ အိမ်ကို ဖုန်းဆက်လို့မရဘူးတဲ့။ မင်းတို့ကို ဘယ်သူက ဆက်လို့ရတယ်ပြောလဲတဲ့။ ကျနော့် သူငယ်ချင်းဖုန်းတွေ အကုန်သိမ်းထားလိုက်တယ်”

အဲဒီနောက် သူတို့ကို စစ်မှုထမ်းဖို့အတွက် သွေးစစ်၊ ဆီးစစ်တာတွေ လုပ်ခဲ့ပြီး စစ်ဆေးမှုမအောင်တဲ့လူတွေကို နေအိမ်ပြန်ပို့ပေးမယ်ဆိုပြီး ညာပြောခဲ့ပေမယ့် တကယ်တမ်း မအောင်တဲ့လူတွေကို တခြားနေရာကို ထပ်မံရောင်းစားဖို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုရန်နိုင်လင်းတို့ သူငယ်ချင်း ၅ယောက်ကို စစ်ကော်မရှင်တပ်သားတွေက သင်တန်းကျောင်းတစ်ခုဆီ ပို့ဆောင်လိုက်ပြီး ကိုရန်နိုင်လင်းကတော့ တောင်တွင်းကြီးမြို့နဘ် စတက (၇) သင်တန်းကျောင်းကို ပို့ဆောင်ခံလိုက်ရပါတယ်။ သင်တန်းစတက်တဲ့နေမှာပဲ ရိုက်နှက်တာတွေ ကြုံရတယ်လို့ ဆိုပါတယ်။

“သင်တန်းစဖွင့်တဲ့နေ့လည်းရောက်ရော ကျနော်တို့ကို အစောကြီးခေါ် ထကြတယ်။ ၄ နာရီလောက် ဒီနေ့သင်တန်းဖွင့်ပြီ ပြောပြီးတော့ အကုန်လုံးတန်းစီ၊ ယူနီဖောင်းတွေ ဝတ်ခိုင်း တန်းစီခိုင်းတယ်။ တန်းစီတာ မတတ်လို့ဆိုပြီး ပါးတစ်ယောက်တစ်ချက် ရိုက်ခံထိတယ်။ ဘယ်သူကတန်းစီတတ်မှာလဲ။ စစ်တပ်ထဲကို သူတို့က အခုမှခေါ်လာတာ။ သူတို့စစ်တပ်အကြောင်းကို ကျနော်တို့က ဘယ်လိုလုပ်သိမှာလဲ” လို့ ပြောပြပါတယ်။

သင်တန်းတက်ပြီး ၆လပြည့်ချိန်မှာ ကိုရန်နိုင်လင်းတစ်ယောက် အဆိုပါ သင်တန်းကျောင်းမှာပဲ ၁၈ ရက်ကြာ ထပ်မံနေခဲ့ရပါသေးတယ်။ အဲဒီနောက် ရန်ကုန် ဘုရင့်နောင် စစ်ကြောရေး (၁) မှာ တစ်ပတ်ကြာနေခဲ့ရပြီး သင်္ဘောနဲ့ သရက်ချောင်းမြို့နယ် ခမရ (၄၀၅) တပ်ကို ပို့ဆောင်ခံလိုက်ရပါတယ်။ နောက်ပိုင်း မွမ်းမံသင်တန်း ၁ပတ် တက်ရပြီးနောက် ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ စတင်ထွက်ခွာခဲ့ရပါတယ်။

နယ်မြေရှင်းလင်းရေး သွားတဲ့အချိန်မှာ အကြမ်းဖက်စစ်သားတွေက ရွာထဲမဝင်ခင် သေနတ်တွေ ပစ်ဖောက်ကာ ရွာထဲက ဒေသခံတွေ ထွက်ပြေးသွားပြီးနောက် ဈေးဆိုင်တွေဖောက်ကာ အစားအသောက်တွေယူတာ၊ နေအိမ်တွေကို မီးရှို့တာ၊ လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေကို မီးရှို့တာမျိုးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“လမ်းမှာတွေ့တဲ့ တဲအိမ်တစ်အိမ် မီးရှို့တယ်။ ဆိုင်ကယ်တစ်စီးတွေ့တယ်၊ ဆိုင်ကယ်တွေကို မီးရှို့တယ်။ ကျနော်တို့ ပြောတယ်။ ဘာလို့ မီးရှို့လဲဆိုတော့ ဒီကောင်တွေက သတင်းပေးတွေတဲ့။ သတင်းပေးလား မပေးလား ဘယ်လိုလုပ်သိလဲဆိုတော့ ငါတို့က သိတာပေါ့တဲ့” လို့ စစ်ကော်မရှင်တပ်သားတွေရဲ့ ပြောဆိုချက်ကို ကိုရန်နိုင်လင်းက ပြန်ပြောပြပါတယ်။

စစ်ကြောင်းထိုးချိန်မှာလည်း ကိုယ်လက်အင်္ဂါ ချို့တဲ့နေတဲ့ အမျိုးသားတစ်ယောက်က အထုပ်တွေ မထမ်းနိုင်တာကြောင့် စစ်သားတွေက အဆိုပါ အမျိုးသားကို ရိုက်နှက်၊ ထိုးကြိတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်တစ်ရက်မှာတော့ စစ်ကော်မရှင်တပ်က နောက်ထပ် ရွာတစ်ရွာကို စစ်ကြောင်းထိုးချိန် ကိုရန်နိုင်လင်းတစ်ယောက် နေရာယူတဲ့ပုံစံနဲ့ ထွက်ပြေးလာခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး နောက်ထပ် တပ်သား ၃ယောက်လည်း သူ့လိုပဲ ထွက်ပြေးခဲ့ကြပါတယ်။

စစ်ကော်မရှင်တပ် ခမရ (၄၀၅) မှ ထွက်ပြေးလွတ်မြောက်လာသည့် ကိုရန်နိုင်လင်း

“ကျနော်က လမ်းမဟိုဘက်ကို ကူးသွားတယ်။ ကူးလာပြီးတော့ နေရာယူသလိုဘာလိုနဲ့ ကျနော်လည်း ထွက်ပြေးလာတယ်။ ထွက်ပြေးပြီးတော့ အပင်တစ်ပင်အောက်မှာ ကျနော်ထိုင်နေလိုက်တယ်။ သေနတ်ကို ရေထဲပစ်ချလိုက်တယ်။ ပြီးတော့ရွာထဲမှာ ပစ်ခတ်မှုစဖြစ်တယ်။ ကျနော်တို့ စစ်ကြောင်းထဲကပဲ ၃ ယောက် ထွက်ပြေးလာတာ ကျနော်တွေ့လိုက်တယ်” လို့ ကိုရန်နိုင်လင်းက ဆိုပါတယ်။

ကိုရန်နိုင်လင်းတစ်ယောက် အရင်ကတည်းက ထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အခွင့်မသာခဲ့တာကြောင့် အခုလို အခွင့်အရေးရတဲ့အချိန် ရအောင်ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ကတော့ ထုံးစံအတိုင်း သူတို့ရဲ့တပ်သားတွေကို ထွက်မပြေးဖို့၊ PDG ထဲရောက်ရင် အသတ်ခံရနိုင်သလို လည်လှီးသတ်ဖြတ်ပြီး ရွာထိပ်မှာ ချိတ်ထားမှာဖြစ်ကြောင်း အကြောက်တရားတွေ ရိုက်သွင်းထားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အခုလို ပြောဆိုချက်တွေဟာ မဟုတ်မမှန်ကြောင်းနဲ့ ကျန်ရှိနေတဲ့ မတရားဖမ်းဆီးခံ စစ်မှုထမ်းတပ်သားတွေလည်း စစ်ကော်မရှင်လက်ထဲကနေ ရအောင်ထွက်ပြေးကြဖို့ ကိုရန်နိုင်လင်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီကို တရားဝင်နိုင်စေတဲ့ ဒေသတွင်းနိုင်ငံတချို့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုဟန့်တားကြမလဲ

လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီသည် အလွန်အားနည်းလာသော်လည်း စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်း၊ တော်လှန်ရေးတပ်များသည် အတော်အတန် အနိုင်ရလာပြီဖြစ်သော်လည်း အောင်ပွဲကို ထိန်းထားရန် မလွယ်သေးကြောင်း၊ ပိုဆိုးသည်မှာ အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် မဟာမိတ်များကြားတွင် နိုင်ငံရေးသဘောတူညီချက်ကို ရနိုင်ဖို့မလွယ်သေးကြောင်း စသဖြင့် မြန်မာ့အိမ်နီးချင်းများက ရှုမြင်ကြသည်။
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။