မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းက သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက ၂နှစ်ကျော်ကြာ ပိတ်ဆို့ထားတာဖြစ်ပြီး တိုက်ခိုက်မှုတွေလည်း မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

“အဲလိုပဲပြောရမယ်ဗျ။ သူတို့ကတော့ ရွာအပြင်မပြောနဲ့ ရွာစည်းကိုတောင် မလာရဲ မကပ်ရကြတာပါ။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက ပိတ်ဆို့ထားလို့ သူတို့ငတ်ပြတ်နေတာပါ။”လို့ TYK ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်စောကြီးက မောင်းကိုပြောပါတယ်။

ဒီလိုမျိုးကာလရှည်ပိတ်ဆို့ထားမှုကြောင့် သရက်ကန်ကျေးရွာထဲက ပျူစောထီးအဖွဲ့ဝင် မဖြစ်ချင်တဲ့ အရပ်သား သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ၊ အမျိုးသားအမျိုးသမီးတွေကလည်း တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံတာမျိုးတွေ ရှိနေပါတယ်။

လက်ရှိမှာ ကျေးရွာအတွင်း ဆန်ကစလို့ ရိက္ခာပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာကြောင့် ရွာခံ ပျူစောထီးအဖွဲ့ဝင်တွေက အကြမ်းဖက်စစ်ကော်မရှင်ထံ အကူအညီတောင်းနေကြောင်း သိရပါတယ်။

ပေါက်နှင့်မြိုင်တွင် လှုပ်ရှားနေသည့် သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝ

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သရက်ကန်ပျူစောထီးရွာကို အကြမ်းဖက်စစ်တပ်က ရိက္ခာထုပ်တွေ ထောက်ပို့လေယာဥ်နဲ့ ပို့ဆောင်ခဲ့ပြီးဖြစ်ပေမယ့် ကျေးရွာအတွင်း အကြီးပိုင်းတွေဖြစ်တဲ့ စစ်သားနဲ့ ရဲ အပါအဝင် ပျူစောထီးခေါင်းဆောင်တွေသာ လက်ဝါးကြီးအုပ် ယူဆောင်ထားတာဖြစ်ကြောင်း၊ လက်အောက်ခံတွေနဲ့ ဒေသခံတချို့ကိုတော့ မလောက်မငှသာ မျှဝေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“အရင်တခေါက်က မိတ္ထီလာရှမ်းတဲကနေ Y12နဲ့ ချပေးခဲ့ပေမယ့် ထိပ်ပိုင်းကောင်တွေပဲ ယူတာပါ။ ကျန်တဲ့သူတွေက ထမင်းချက်စားရတယ်ဆိုတာ တခါတရံပါ။ ဆန်ပြုတ် အမြဲသောက်နေရတာပါ။ အခုလည်း အကူအညီပေးဖို့တောင်းခံနေတာပေါ့။” လို့ TYK ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်စောကြီးက မောင်းကိုပြောပါတယ်။

မြိုင် ကိုင်းတောမ ကမ္မ လမ်းပိုင်းမှာရှိတဲ့ သရက်ကန်ပျူစောထီးရွာဟာ စစ်တပ်အာဏာသိမ်းကာလအစ တော်လှန်ရေးအင်အားစုတွေ မစိုးမိုးနိုင်ချိန်မှာ ပြည်သူ့စစ် စတင်ဖွဲ့စည်းရင်း အနီးအနားကျေးရွာတွေကို စစ်ကြောင်းဝင် မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ပစ္စည်းခိုးတာတွေ လုပ်ဆောင်နေခဲ့တဲ့ ပျူစောထီးရွာတစ်ရွာလို့လည်း သိရပါတယ်။

“ကျနော်တို့တွေ စိုးမိုးမှု နည်းပါးခဲ့တုန်းကဆိုရင် အဲ့က ပျူတွေက ကံကလေး၊ စိုကန်၊ နှမ်းဆီကန်၊ မိထ္တီလာ၊ ကိုင်းတောမနဲ့ ရွာတန်းရှည်တွေကို စစ်ကြောင်းရှိရင် မီးရှို့တယ်။ ပြည်သူတွေပစ္စည်းတွေ ယူတယ်။ လွန်ခဲ့တဲ့ နှစ်ကလည်း နှမ်းဆီကန်ရွာက ကလေးတစ်ယောက်ကို လက်တည့်စမ်းသလိုနဲ့ အဝေးကနေ ပစ်သတ်ခဲ့ပါသေးတယ်။” လို့ ရဲဘော်စောကြီးက ပြောပြပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေဟာ တော်လှန်ရေးအားကောင်းရာ မြို့နယ်တွေဖြစ်သလို တစ်ဖက်မှာလည်း ပခုက္ကူတပ်မ ၁၀၁ အပါအဝင် ကပစ စက်ရုံတွေနဲ့နီးပြီး ပြည်သူ့စစ် ခေါ် ပျူစောထီးအားကောင်းရာ ကျေးရွာတွေလည်း ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းဒေသတွင် သေဆုံးသူ ၄၀ ကျော်ရှိနေပြီဖြစ်ပြီး စိုးမိုးနယ်မြေအတွင်း ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ပြော

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိနေပြီးဖြစ်တဲ့ မင်းကွန်းဒေသက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်နှင့် ဇနီးသည်ဒုတပ်ကြပ်တို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်​ပြောင်းခိုလှုံ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့နယ်တွင် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။