စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၃၀ရက်၊ မနေ့ မနက်အစောပိုင်းမှာ မြောင်လမ်းခွဲကနေ အလ္လကပ္ပရွာဘက်ဆီ မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်အုပ်စု ကား၂စီးနဲ့ ခြေလျင်စစ်သားတွေကို တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရှေ့ဆုံးကလာတဲ့ ကား ၁ စီး ပျက်စီးသွားခဲ့ပြီး လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို MA11 သေနတ် ၂ လက်နဲ့ ကျည်ဘောက်၁ခု၊ အီဂါနာ ဗုံးသီး ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း Black Eagle Defence Force (MMU) တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် လက်နက်အချို့

ထိတွေ့မှုအပြီး မိနစ်အနည်းငယ်ကြာမှာပဲ မြင်းမူမြို့ဘက်ကနေ ကား၂စီးနဲ့ ထွက်ခွာလာတဲ့ စစ်အုပ်စုတပ်ကူတွေကြောင့် တော်လှန်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနဲ့ တပ်ဖွဲ့ဝင် ၁ ယောက် ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောပါတယ်။

“ကျနော်တို့မြင်းမူနယ်ထဲက မုံရွာ-မန္တလေးပေါ်မှာ စခအထိုင်တွေရှိတယ်ပေါ့နော်။ တို့မြန်မာကျော်တို့ ရေဦးဆီဆိုင်တို့ မြောင်လမ်းခွဲတို့မှာပေါ့။ အဲ့အထိုင်တွေက အလ္လကပ္ပကို နေ့တိုင်းထွက်လာပြီးကင်းလာဝပ်တယ်။ ပိုက်ဆံကောက်တာတွေရှိပါတယ်။ အခုဖြစ်စဥ်မှာလည်း ဖိုးဝှီးရယ် အာရဖတ်ကိုရှေ့က အင်အားတွေနဲ့ လုံခြုံရေးယူပြီး ထွက်လာတာပါ။ ပထမဆုံးကားကို အာပီဂျီနဲ့ထုတာထိသွားတော့ ကားပေါ်ကကောင်တွေ ပြန်မလုပ်နိုင်ဘူး။ အဲ့မှာခြေလျင်လျှောက်လာတဲ့ကောင်တွေနဲ့ ထိတွေ့မှုဖြစ်တယ်။ သူတို့မတုံ့ပြန်နိုင်တော့ ထွက်ပြေးတယ်။ ကောင်တာလုပ်တာတွေလည်း ရှိတယ်” လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း ကင်းပုန်းဝပ် ပြန်လည်ပစ်ခတ်သူတွေအပြင် မြင်းမူမြို့ကနေထွက်လာတဲ့ စစ်ကူတွေနဲ့ တပ်ဖွဲ့ဝင် ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားမှု၊ ကျည်မလုံလောက်မှုတွေကြောင့် တော်လှန်ရေးတပ်တွေလည်း လက်နက်အကုန်မကောက်နိုင်ခဲ့ဘဲ ပြန်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ တပ်ဖွဲ့က ဦးဆောင်ပြီး Black Eagle Defence Force (MMU)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ခွဲ (၂)၊ အလ္လကပ္ပတိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦးတိုက်နယ်တပ်ဖွဲ့နဲ့ မြင်းမူမြို့နယ် ပ.လ.ဖ တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“ဝ” ထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆခန့်အထိ များလာ…

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနများကို ဆောင်လုပ်ခဲ့သည့် မူလကုမ္ပဏီများ ပြန်ပြင်ရမည်ဟု စစ်ကောင်စီဆို

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူရမယ်လို့ အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့ရှိ ဆေးပေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ‌‌‌၂ ဦး ဒဏ်ရာရပြီး ဆေးခန်း အဆောက်အအုံနှင့် မော်တော်ယာဉ်ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ‌‌‌၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး လွတ်မြောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် လွတ်မြောက်လာတယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် ကြက်ခြံကိုပါ လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြ၀တီမြို့အနီး စစ်ကောင်စီ၏ ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။