ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဖားဆောင်းမြို့နယ်က စစ်တပ်ရဲ့ မြို့စောင့်တပ်တွေဖြစ်တဲ့ ခလရ ၁၃၄၊ ခလရ ၁၃၅ တပ် ၂ခုရှိတဲ့အနက် ခလရ ၁၃၄ ကို ကရင်နီတပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးတပ်ပေါင်းစုတွေ ကျန်ရှိနေသေးတဲ့ ခလရ ၁၃၅ ကို သိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဖားဆောင်း ၁၃၅ မှာက တိုက်ခိုက်ရေးအင်အား ၆၀ကျော် ၇၀ လောက်ပဲ ရှိတယ်။ ကရင်နီပူးပေါင်းတပ်တွေကလည်း ၁၃၅ ကို အပြီးသတ် သိမ်းပိုက်ဖို့ ကြိုးစားနေတယ်။ တဖက်မှာလည်း စစ်တပ်က လက်နက်မချဘဲ အားကောင်းကောင်းနဲ့ တောင့်ခံနေတဲ့ အနေအထားရှိနေပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

ကရင်နီတပ်ပေါင်းစုတွေဟာ ၁၃၄ တပ်ရင်းကို တိုက်စဉ်ကလို ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ရင် ၁၃၅ ကိုလည်း အပြီးသတ် သိမ်းနိုင်မယ့် အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဖားဆောင်းမြို့မကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် လုပ်ဆောင်နေတာကြောင့် ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေလည်း အထိအခိုက်ရှိသလို စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

ဖားဆောင်းမြို့နယ်က မော်ချီးဒေသမှာရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်တွေက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ၃၂ယောက် အထိရှိလာနေပြီလို့လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ တရက်တည်းမှာပဲ မော်ချီးဒေသကို စစ်သုံးလေယာဉ်တွေနဲ့ နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်တိုက်ခိုက်မှုဟာ မနက် ၈ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်ချီးဒေသအတွင်းက လိုခါးလို တိုက်နယ်ဆေးရုံကို ဗုံးထိမှန်ခဲ့ကာ အမျိုးသား လူငယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်နယ်ဆေးရုံကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်တွင် ဖားဆောင်းမြို့ကို စစ်တပ် ဗုံးကြဲခဲ့စဉ် (ဓာတ်ပုံ FBR)



ဒုတိယအကြိမ်ကိုတော့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မော်ချီး ၁၆ ကုန်းလို့ခေါ်တဲ့ လူနေရပ်ကွက်တစ်ခုကို ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံးနှစ်လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သေဆုံးသူ (၃၂) ယောက်ရှိခဲ့ပြီး (၂၆) ယောက်ကိုတော့ ကျား/မ၊ အမည်၊ နေရပ် စတာတွေ ခွဲခြားသိရှိနိုင်ခဲ့ပေမယ့် ကျန် (၆) ယောက်ကတော့ ခန္ဓာကိုယ် အပိုင်းအစတွေ ဖြစ်ကုန်လို့ မည်သူမည်ဝါ ကျား/မ ခွဲခြားဖို့ အတော်ခက်ခဲတဲ့ အခြေအနေလို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ သူတွေထဲမှာ အမျိုးသမီး (၈) ယောက်ပါဝင်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေနိုင်တယ်လို့ သိရပါတယ်။

အခုနှစ် ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်တပ်က မော်ချီးဒေသကို စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ (၁၁)ကြိမ်ခန့်ရှိနေပြီ ဖြစ်ပါတယ်။

“ပထမဦးစွာ သေဆုံးသွားတဲ့ အပြစ်မဲ့ အရပ်သူအရပ်သားတွေအတွက်ရော ထိခိုက်ဒဏ်ရရသူတွေအတွက်ပါ အထူးဝမ်းနည်းရပါကြောင်း ပြောကြားလိုပါတယ်။ နောက်တစ်ခုက စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ပါ။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်း မဟုတ်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းလည်းမဟုတ်၊ အရပ်သူအရပ်သား ပြည်သူတွေချည်း နေထိုင်တဲ့ လူနေရပ်ကွက်/ကျေးရွာမှာ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အညှာအတာမရှိ ဗုံးကြဲတိုက်ခိုက်တာက အင်မတန်ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပါပဲ” လို့ IEC အထွေထွေ အတွင်းရေးမှူး ခူးပလူးရယ်က ပြောပါတယ်။

အခုလို စစ်တပ်ရဲ့ ကျူးလွန်မှုကို နှုတ်အားဖြင့်ဖြစ်စေ၊ ငွေရေးကြေးရေးအားဖြင့်ဖြစ်စေ၊ နည်းပညာအားဖြင့်ဖြစ်စေ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနဲ့ အားပေးကူညီထောက်ခံနေတဲ့ မည့်သည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ နိုင်ငံအစိုးရဖြစ်စေ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း ဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးထားပါတယ်။

 

0 Shares:
You May Also Like
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း…

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားသစ် ၁ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။