နိုင်ငံတဝန်းက စစ်မျက်နှာပြင်တွေအတွက် အရပ်သားစစ်မှုထမ်းလိုအပ်ချက် မြင့်မားလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အရင်ကထက် တပ်သားသစ် စုဆောင်းတာတွေ ပိုပြီး ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် ၁၆ ကို ရောက်ရှိနေပြီဖြစ်သလို လိုအပ်နေတဲ့ တပ်တွင်းအင်အားတွေအတွက် လူငယ်တွေကို နေရာအနှံ့မှာ ပေါ်တာဆွဲဖမ်းဆီးတာ၊ ရပ်ကွက်ကျေးရွာတွေကနေ လူတောင်းခံတာတွေအပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရသူတွေကို စစ်တပ်ထဲ ချက်ချင်းပို့ဆောင်တာတွေကို အကြမ်းဖက်စစ်တပ်က ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာလည်း ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံလာရသလို စစ်အုပ်စုက ငွေညှစ်တောင်းခံတာတွေလုပ်ဆောင်ရင်း မပေးနိုင်ရင် စစ်သင်တန်းကျောင်း ပို့ဆောင်ခံရတာတွေရှိလာတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားရာ မြို့နယ်တွေမှာနေထိုင်တဲ့ အလုပ်သွားအလုပ်ပြန်လူငယ်တွေ၊ စက်ရုံအလုပ်သမားတွေ၊ အိမ်ခြေရာခြေမဲ့သူတွေနဲ့ မှုးယစ်ဆေးဝါးသုံးစွဲသူတွေလည်း တပ်သားသစ်အဖြစ် စုဆောင်းခံနေရပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ရာဇဝတ်မှုမဟုတ်ဘဲ အဖမ်းခံရသူ ဦးရေ ၁၂၀၀ နီးပါးရှိခဲ့ကာ အဲဒီထဲက အမျိုးသားလူငယ် ၂၃၀ လောက်ဟာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရတာဖြစ်ပြီး အများစုဟာ စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံခဲ့ရတယ်လို့လည်း Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

“ဒါတွေက ကျနော်တို့ရထားတဲ့ စာရင်းအရပါ။ မြေပြင်မှာ ဒါထက်ပိုနိုင်ပါတယ်။ အများအားဖြင့်တော့ ပေါ်တာဆွဲဖမ်းပြီးပြီဆိုရင် ရဲစခန်းတွေ၊ တပ်စခန်းတွေ၊ အုပ်ကြီးရုံးတွေမှာ အရင်ထားတယ်။ ပြီးရင် အများစုကို လှိုင်က ဘုရင့်နောင် စစ်ကြောရေးဆီ ပို့ပါတယ်။ အဲ့ကနေမှ စစ်သင်တန်းကျောင်းတွေ ဆက်ပို့တယ်။ တချို့ကျလည်း ဘုရင့်နောင်စစ်ကြောရေးကို မပို့တော့ဘဲ တိုင်း/ပြည်နယ်က စစ်သင်တန်းကျောင်းတွေဆီ တန်းပို့ပါတယ်” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက် ညပိုင်းကလည်း တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်က တိုက်ခန်းတစ်ခုကို ရဲနဲ့ ရပ်ကွက်အာဏာပိုင်တွေက ဧည့်စာရင်းဝင်စစ်ရင်း  ဧည့်ကျော်နေထိုင်မှုနဲ့ လူငယ် ၆ ယောက်ကို ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

စခန်းရောက်ချိန်မှာ ရဲနဲ့ အာဏာပိုင်တွေက လူငယ်တွေကို စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်ကာ လူတစ်ယောက်အတွက် ငွေကျပ်သိန်း ၅၀ စီ ပေးဆောင်ဖို့ ငွေညှစ်ခဲ့ကြောင်း Rangoon Scout Network က ဖော်ပြထားပါတယ်။

စစ်မှုထမ်း စုဆောင်းခံထားရသူများအား အကြမ်းဖက်စစ်အုပ်စု အာဏာပိုင်များ လိုက်လံစစ်ဆေးနေစဥ်
စစ်မှုထမ်း စုဆောင်းခံထားရသူများအား အကြမ်းဖက်စစ်အုပ်စု အာဏာပိုင်များ လိုက်လံစစ်ဆေးနေစဥ်

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပုစွန်တောင် ၁၀ရပ်ကွက်က  မြသိန်းတန်ဘုန်းကြီးကျောင်းအပါအဝင် ၂ ရပ်ကွက် ကန်ဦးကျောင်းနဲ့ ဘုန်းကြီးကျောင်းတချို့က အရပ်သားလူငယ်တွေကို စစ်အုပ်စုနဲ့ အပေါင်းအပါတွေက ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးတွေ ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် အခုလ (သြဂုတ်) လဆန်းပိုင်းကစလို့ ပုစွန်တောင်မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတွေကို စစ်အုပ်စုလက်ပါးစေတွေက စောင်ကြည့် ဝင်စီးတာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့လည်း  Pazundaung Tsp (Scout & News)  က ဖော်ပြပါတယ်။

အလားတူ မန္တလေးမြို့ပေါ်မှာလည်း ငလျင်ဒဏ်ကြောင့် ရပ်နားထားရတဲ့ စစ်မှုထမ်းမဲနှိုက်တာတွေကို လက်ရှိမှာ မြို့နယ်အလိုက် ပြန်လည်လုပ်ဆောင်လာပြီး ကာယကံရှင်နဲ့ မိသားစုဝင်တိုင်းကို မဲ မနှိုက်မနေရ ဖိအားပေးနေတယ်လို့ သိရပါတယ်။

မန္တလေးစစ်ရေး Scout Team တစ်ခုဖြစ်တဲ့ Voice of Mandalay ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေကနေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရတဲ့ လူငယ် လူရွယ် စုစုပေါင်း အယောက် ၄၀ ကျော်အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင် စတဲ့ ခရိုင်တွေထဲမှာလည်း မြို့နယ် ကျေးရွာအလိုက် စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးတွေရဲ့ စစ်မှုထမ်းကြေး အဆမတန်တောင်းခံမှု၊ ပေါ်တာဆွဲဖမ်းဆီးမှု၊ လိမ်လည်ဖျားယောင်ခေါ်ဆောင်မှု၊ အဓမ္မခေါ်သွင်းမှုတွေအပြင်  ခြိမ်းခြောက်ဖမ်းဆီးမှုတွေ ရှိနေကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်စီမံအပါအဝင် ရဲ၊ စစ်တပ်နဲ့ ရပ်ရွာအာဏာပိုင်ဆိုသူတွေဟာ လက်ရှိမှာ စစ်မှုထမ်းအတွက် လူရှာ၊ လူရောင်း၊ လူအစားထိုးကိစ္စတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ရင်း ငွေကြေးဖောဖောသီသီ ရရှိလာကြကြောင်း သိရပါတယ်။

နည်းလမ်းပေါင်းစုံနဲ့ စုဆောင်းထားတဲ့ တပ်သားသစ်တွေကို ကာလတို စစ်သင်တန်းပေးကာ အာရက္ခတပ်တော် AA နဲ့ ဖြစ်ပွားနေတဲ့ လေးမျက်နှာနဲ့ ရေကြည်မြို့နယ်အစပ် တိုက်ပွဲတွေဆီ အတင်းအကျပ် ပို့ဆောင်နေကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းရန်ကနေ ရှောင်တိမ်းဖို့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားလူငယ်တွေ နေ့စဥ်ရက်ဆက်ဆိုသလို ဖမ်းဆီးခံရပြီး အကြမ်းဖက်စစ်တပ်ဆီ ပြန်လည်လွှဲပြောင်းခံနေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းမြန်မာလုပ်သားတွေအရေး ဆောင်ရွက်ပေးနေတဲ့ ကိုရဲမင်းကလည်း ဒီဖြစ်စဥ်တွေနဲ့ ပက်သက်လို့  “အခြေအနေက အတော်ဆိုးနေပြီ။ စစ်မှုထမ်းရှောင်ဖို့ ထိုင်းပြေးလာပြီး အဖမ်းခံရသူတွေ နေ့စဉ်ပိုများလာသလို ထိုင်းမှာ အကြောင်းအမျိုးမျိုးဖြင့် ထောင်ကျ လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေကျတော့လည်း ပြန်ပို့ စစ်သားစုဆောင်းရေး တန်းရောက် ဟူး ဒီအတိုင်း ရှေ့ဆက်နေရင်တော့ လူငယ်တွေ ကုန်တော့မှာ။ ဒီတော်လှန်ရေးကို အမြန်ဖြတ်နိုင်မှ ဒီအဖြစ်ဆိုးတွေကနေ ငါတို့ လွတ်မြောက်မှာ”  ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပြောဆိုထားပါတယ်။

လက်ရှိအခြေအနေအရ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်နဲ့ ကရင်နီစစ်မျက်နှာတွေအပြင် စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးအားကောင်းရာ မြို့နယ်တွေမှာလည်း ပစ ခေါ် စစ်မှုထမ်းအင်အားတွေ အလုံအလောက်သုံးရင်း စစ်ကြောင်းတွေဝင်ရောက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ အမျိုးသား စစ်မှုထမ်းအပြင် အမျိုးသမီးစစ်မှုထမ်း သင်တန်းတွေကိုပါ အကြမ်းဖက်စစ်တပ်က ဖွင့်လှစ်ပို့ချနေပြီဖြစ်ကြောင်း Myanmar Defense & Security Institute -MDSI က ထုတ်ပြန်ဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် အတင်းကျပ်စုဆောင်းထားသည့် တပ်သားများဖြင့် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်လှစ်

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၄၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၄၅၅ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။