ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂ ရက် မနက်ပိုင်းမှာ KIA တပ်ဖွဲ့တွေက ရှရောခရွာကနေ ဆုတ်ခွာပေးလိုက်ရပြီး သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှာတော့ KIA၊ KPDF တပ်ဖွဲ့တွေက ထပ်မံထိုးစစ်ဆင်လာတဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလိုပစ်ခတ်မှုအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပစ်ကူအနေနဲ့ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ အမျိုးသား တစ်ယောက် သေဆုံးကာ တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ဗျူဟာကုန်းကနေ လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဆန်းကြွယ်ရွာသား ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

သြဂုတ်လ ၄ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံတိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စု အထိုင်ချနိုင်ခဲ့တဲ့ ရှရောခရွာကို KIA ပူးပေါင်းတပ်တွေက အလုံးစုံ ပြန်လည်မသိမ်းပိုက်နိုင်သေးပေမယ့် အတော်များများကိုတော့ သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေရှိနေပြီလို့ သိရပါတယ်။

“စစ်တပ်ကသိမ်းသွားတဲ့ အဲဒီရွာကို ပြန်ပြီးထိုးစစ်ဆင်တဲ့အချိန်မှာ အပြင်းအထန် တိုက်ပွဲတွေဖြစ်တယ်။ ၄ရက်နေ့ မနက်မှာတော့ တော်တော်လေးတော့ စခန်းကုန်းကို ပြန်လည်စိုးမိုးနိုင်တဲ့ အနေအထားအထိ ရောက်သွားတာပေါ့။ ဒါပေမယ့် မနေ့ကရယ် ဒီနေ့ရယ် အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်တဲ့အခါမှာ ဖားကန့်ဗျူဟာကုန်းကနေပြီးတော့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး ပစ်ကူပေးတဲ့အခါမှာ တိုက်ပွဲဖြစ်ပွားရာ ဧရိယာကျော်ပြီးတော့ ကျည်တွေ ကျရာကနေ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိတာပေါ့” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒီနေ့မနက်မှာလည်း ဖားကန့်ဗျူဟာကုန်းကနေ စစ်အုပ်စု ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မျောက်ဖြူရွာထဲ ကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ရှရောခကို ပထမ စစ်ကြောင်းစထိုးလာတဲ့ သြဂုတ် ၁ရက်နေ့ကနေပြီးတော့ စစ်ရှောင်ကြတာ။ ရွာမှာ လူငယ်တို့ လူလတ်ပိုင်းတို့ တချို့ကတော့ မိသားစုတွေကို အိမ်စောင့်၊ ပစ္စည်းတွေစောင့်ရင်း ကျန်မယ်ဆိုတဲ့ဟာတွေ ထိကြတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ဒီနေ့မနက်မှာ ရှရောခရွာကို KIA ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်စိုးမိုးထားနိုင်တဲ့ အနေအထားရှိတာကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် ဒေသခံတွေ သတိနဲ့ နေထိုင်ကြဖို့လည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက သတိပေးတာမျိုးရှိတယ်လို့ သိရပါတယ်။

KIA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ရှရောခရွာမှာ အထိုင်ချထားတာလို့ သိရပါတယ်။ အဆိုပါ ကျေးရွာကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ချင်တာကြောင့် စစ်ကြောင်းထိုးရင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ ၄ ရက် နေ့လယ်ပိုင်းလောက်မှာတော့ ပစ်ခတ်မှုတွေ ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် ကလလတ မှ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး…

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တော်လှန်ရဲဘော် ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ကလလတ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်မယ့် Drone Jammer ကို Federal Wingsက တီထွင်ထုတ်လုပ်

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ဖို့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း အရှိန်ဟုန်မြှင့် စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ဦး သေဆုံးပြီး စခန်းနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မပေါက်ကွဲသည့် ဟောင်ဝစ်ဇာဗုံးသီးကို မြို့နယ်ပကဖ ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ ဟောင်ဝစ်ဇာဗုံးသီးကို ဩဂုတ် ၁ ရက်မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။