မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက နေအိမ်ပေါ်တွေအထိတက်ပြီး စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင်လ စတုတ္ထပတ်ထဲမှာ စစ်ကောင်စီက ဝမ်းတွင်းမြို့နယ်အတွင်း စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆက်တိုက်ဆိုသလို ပြန်လည်လုပ်ဆောင်လာပြီး ဖမ်းဆီးခံရသူတွေထဲ အခြေခံအလုပ်သမားတွေနဲ့ ကျောင်းသားတွေပါဝင်နေကာ ပစ်ခတ်ခြိမ်းခြောက်တာတွေလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဇူလိုင်လ ၂၈ရက် ညနေပိုင်းကလည်း ဝမ်းတွင်းမြို့နယ်၊ အရှေ့မြောက်ဘက်မှာရှိတဲ့ ထန်းပင်ကုန်းကျေးရွာကို ကလူဂါ (Kluger) ကား၁စီး၊ ဖိုးဝှီး ၃စီးနဲ့ ဝင်ရောက်ရင်း လူငယ်၁၂ယောက်ကို အတင်းအဓမ္မဖမ်းဆီးကာ ဝမ်းတွင်းမြို့ဆီ ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို ကားပေါ်တင်နေချိန် ကားပေါ်ကနေ ဆင်းပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ် ၁ယောက်ကိုလည်း သေနတ်နဲ့ပစ်ခတ်ထားခဲ့တဲ့အတွက် အဆိုပါလူငယ်ရဲ့ ခြေထောက်မှာ သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ဝမ်းတွင်းမြို့နယ်၊ ခင်ကြီး စံပြရွာမြင်ကွင်း

ဒါ့အပြင် ဇူလိုင် ၂၉ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာလည်း ခင်ကြီးရွာကို အိမ်စီးကား ၁စီး၊ ဆိုင်ကယ်၃စီးနဲ့ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ကြီးရွာအတွင်းက အရပ်သား နေအိမ်တွေရဲ့ ခြံဝန်းတွေကို ခြေထောက်နဲ့ ကန်ကျောက်ဖွင့်ကာ အိပ်ပျော်နေတဲ့ လူငယ် ၅ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့သေးတယ်လို့လည်း သိရပါတယ်။

အခုလိုမျိုး ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်ဆိုသလိုရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင်ရောက်ဖို့ တိုက်တွန်းနေပေမယ့်လည်း ထိရောက်မှုမရှိဘူးလို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။” လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်မှုထမ်းပေါ်တာဆွဲခံရပြီး ငွေကြေးနဲ့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဘက်က စည်းရုံးရေးသမားတွေဟာ တော်လှန်ရေးအင်အားစုတွေအပေါ် လူမျိုးရေး၊ ဘာသာရေး မဟုတ်မမှန် သွေးခွဲပြောဆိုတာတွေလုပ်ဆောင်ရင်း အကြမ်းဖက်စစ်တပ်ဘက်ကနေ ကူတိုက်ပေးချင်လာစေတဲ့အထိ ယုံကြည်အောင် မက်လုံးပေးပြောဆိုတတ်ကြောင်းနဲ့ ထွက်ပြေးခွင့်မရအောင်လည်း အမျိုးမျိုး လုပ်ဆောင်ထားတတ်ကြောင်း သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း ဇူလိုင်လကုန် ရက်သတ္တပတ်အတွင်းမှာပဲ အရပ်သားလူငယ် အနည်းဆုံး ၃၀ထက်မနည်း ဖမ်းဆီးခံထားရပြီး ပေါ်တာဆွဲဖမ်းဆီးမှုကို မိတ္ထီလာလေတပ်က ဦးဆောင်လုပ်ကိုင်နေတာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ရွှေတွင်းတူးဆည်၊ တောင်ဆည်၊ ရွာသစ်၊ ကျောင်းကုန်း၊ ခံဘဲ့၊ အိုမတွေ့၊ သဖန်း၊ စိန်ပန်းပင်၊ ပန်းကြိုင်၊ ပန်းခြံစတဲ့ ဝမ်းတွင်းမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ မိတ္ထီလာ-ပင်းတလဲလမ်းပိုင်းက အရပ်သားတွေ ဖမ်းဆီးခံရကြောင်း Voice Of Wundwin အဖွဲ့က ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းနေတဲ့ အုပ်ကြီးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်မှုထမ်း ဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲရောက်နေတဲ့ တပ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ မကွေး PDF ဆီ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ မကွေးတိုင်းအရှေ့ခြမ်းက ကြိုးကြာနီတပ်ရင်း (၇) ဆီ ဆက်သွယ် အလင်းဝင်ရောက်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။