မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင်လ (၂၀)ရက်နေ့မှာ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများစွာနဲ့ ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါလက်နက်တွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်ပစ္စည်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 

သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေထဲ မိုင်းရှင်းတဲ့နေရာမှာ အသုံးပြုတဲ့ mine-clearing line charge MCLC ပါဝင်ပြီး တရုတ်စစ်တပ်မှာလည်း GBP-128 ကို man-portable MCLC အဖြစ် အသုံးပြုတဲ့ ပစ္စည်းဖြစ်ကြောင်း စစ်ကောင်စီထံက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က ရေးသားထားပါတယ်။ 

စစ်ကောင်စီထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်များကို MDY PDF ထုတ်ပြန်ထားပုံ
စစ်ကောင်စီထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်များကို MDY PDF ထုတ်ပြန်ထားပုံ

“မိုင်းကွင်းရှိတဲ့ နေရာကို rocket အသေးလေး ပစ်ထည့်ရတာမျိုးပါ။ မြင်သာအောင်ပြောရရင် ဒုံးကျည်မှာ ကြိုးချည်ပြီး ရှေ့ကို ပစ်ထုတ်လိုက်တာပါ။ ကြိုးအရှည်က မိုင်းကွင်းထဲ ကန့်လန့်ဖြတ် ခင်းသလိုဖြစ်သွားမယ်၊ ပြီးတော့ ကြိုးက ယမ်းကြိုးဖြစ်တော့ ပေါက်ကွဲတဲ့အခါ အနီးအနားက မိုင်းတွေကို ကွဲစေတာဖြစ်ပါတယ်။ မိုင်းကွင်းတစ်ခုလုံး ရှင်းနိုင်တာမျိုးတော့ မဟုတ်ဘဲ လူတစ်ဦးသွားနိုင်ဖို့၊ ကားတစ်စီးသွားနိုင်ဖို့ လုံလောက်အောင်လောက်ပဲ လမ်းကြောင်း ရှင်းပေးတာမျိုး ဖြစ်ပါတယ်” လို့ မိုင်းရှင်းပစ္စည်းရဲ့ အသုံးပြုပုံအကြောင်း Tactical Raptor 2.0 ရဲ့တာဝန်ရှိသူက မောင်းကို ပြောပြပါတယ်။ 

MDY PDF ကနေ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ တရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီ Norinco က ထုတ်လုပ်တဲ့ ခဲယမ်းတွေကို သေတ္တာပုံးတွေနဲ့ တွေ့ရပြီး အဲဒီသေတ္တာပုံးတွေမှာ GBP128 Warhead ‌လို့ ရေးထားတာကို တွေ့ရကြောင်း၊ ဒါဟာ တိုက်ခိုက်ရေး လက်နက်ဆိုတာထက် စစ်မြေပြင် အင်ဂျင်နီယာသုံး equipment ဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံဟာ ကုမ္ပဏီ ၅ ခုအထိ အများဆုံးပါဝင်နေပြီး တရုတ်အစိုးရပိုင် စစ်လက်နက်လုပ်ငန်းဖြစ်တဲ့ China North Industries Corporation (Norinco) လည်း အပါအဝင် ဖြစ်တယ်လို့ ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ ထုတ်ပြန်တဲ့ တပ်မတော်၏ ပင်မစီးပွားရေးလုပ်ငန်းများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Norinco ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ အကျိုးတူပူးပေါင်းပြီး လက်ပံတောင်းတောင်မှာ ကြေးနီထုတ်လုပ်နေတဲ့ ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အသေခံဒရုန်းအဖြစ် သုံးတဲ့ FPV ဒရုန်း ၆ စင်းကိုလည်း တွေ့ရပြီး စစ်ကောင်စီက အဲဒီ FPV ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန် အသုံးပြုလာနိုင်တာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားရမယ့် အချက်ပေးခေါင်းလောင်းသံဖြစ်တယ်လို့လည်း Tactical Raptor 2.0 က ပြောထားပါတယ်။

mine-clearing line charge (MCLC) အကြောင်း Tactical Raptor 2.0 မှ ရှင်းပြထားသည့်ပုံများ
mine-clearing line charge (MCLC) အကြောင်း Tactical Raptor 2.0 မှ ရှင်းပြထားသည့်ပုံများ
mine-clearing line charge (MCLC) အကြောင်း Tactical Raptor 2.0 မှ ရှင်းပြထားသည့်ပုံများ

“စကစ သုံးတာတွေက အဆင့်မြင့်တာမျိုးတော့ မဟုတ်ပါဘူး၊ အလွယ်တကူ ဝယ်ယူတပ်ဆင်လို့ ရနိုင်တဲ့ ဒရုန်းမျိုးပါပဲ။ ဒါပေမယ့် jammer တွေ တိုက်ရိုက်ဝယ်လို့မရနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် အန္တရာယ်များပါတယ်။ ဗန်းမော်မှာ ရဟတ်ယာဉ်ကို ဝင်တိုက်တဲ့ ဒရုန်းမျိုး၊ ရုရှားရဲ့ မဟာဗျူ‌ဟာ‌မြောက် ဗုံးကြဲလေယာဉ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမျိုးတွေပါ။ ဒါကတော့ ကျနော်ပြောတာထက် မြေပြင်ကလူတွေက သိသင့်သလောက် သိပြီးသားပါ” လို့ Tactical Raptor 2.0 ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ 

MDY PDF ဟာ စစ်ကောင်စီရဲ့ စစ်လက်နက် ပစ္စည်းတွေသာမက ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ယောက် အပါအဝင် စစ်သုံ့ပန်း (၁၆) ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ် အလောင်း (၁၅) လောင်း တွေ့ရှိခဲ့သလို စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့တယ်လို့ MDY-PDF ကနေ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နဲ့ SSTF တပ်ဖွဲ့တို့ ပူးတွဲဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်တပ် အသုံးပြုလာတဲ့ Spy Balloon ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်မလဲ

အကြမ်းဖက်စစ်ကော်မရှင်က အခုနောက်ပိုင်း သူလျှိုပူဖောင်း ခေါ် Spy Balloon တွေကို စမ်းသပ်အသုံးပြုမှုတွေ ရှိလာပြီး ဒီ Spy Balloon တွေဟာ တိုက်ခိုက်ဖျက်ဆီးဖို့ ခက်ခဲတာကြောင့် တန်ပြန်ထောက်လှမ်းနိုင်ဖို့နဲ့ ပူဖောင်းရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်နိုင်ဖို့က ပိုမိုထိရောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

ကြိုတင်အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်နိုင်ခဲ့၊ ဒီစခန်းသိမ်းပွဲဟာ ချိုမြိန်တဲ့ လက်စားချေမှု ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ပြော

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ စခန်းကို အောင်နိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ လက်စားချေမှုတစ်ခုဖြစ်တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

BGF ခေါင်းဆောင် စောချစ်သူတို့ သားအဖ ၃ ဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု ဘာဆက်ဖြစ်နိုင်လဲ

လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ 
Read More

လိင်ငရဲခန်းမှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားတစ်ဦး

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။