ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ တရားဝင် ဖွံ့ဖြိုးရေးရန်ပုံငွေတွေ ဖြတ်တောက်လိုက်တဲ့အပြင် အမေရိကန်ရဲ့ ကုန်သွယ်ခွန်တိုးမြှင့်မှုက ဒေသတွင်းမှာ “မသေချာတဲ့ အခြေအနေမျိုး” ကြုံရလာစေကြောင်း ဆစ်ဒနီအခြေစိုက် Lowy Institute က ပြောပါတယ်။
“အနောက်နိုင်ငံတွေရဲ့ အကူအညီတွေ ကျဆင်းလာတာကြောင့် တခြားအာရှအလှူရှင်တွေက အရေးပါမှုရလာပေမယ့် တရုတ်ကို ပိုကြီးတဲ့အခန်းကဏ္ဍရောက်အောင် အလျှော့ပေးလိုက်ရမယ့် အန္တရာယ်မျိုးရှိပါတယ်” လို့ သူက ဆိုပါတယ်။
ထောက်ပံ့ငွေ၊ အနိမ့်ဆုံးချေးငွေနဲ့ အခြားချေးငွေတွေအပါအဝင် အရှေ့တောင်အာရှအတွက် တရားဝင် ဖွံ့ဖြိုးရေးရန်ပုံငွေ စုစုပေါင်းက ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံအထိ “အတန်အသင့်” တိုးလာတယ်” လို့ နှစ်စဉ်အစီရင်ခံစာက ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိ ဖွံ့ဖြိုးရေး အကူအညီတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး အများစုက အမေရိကန်ပြင်ပ အကူအညီတွေဖြစ်ပါတယ်။
ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် ဥရောပ ခုနစ်နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ကလည်း ၂၀၂၅ ကနေ ၂၀၂၉ ခုနှစ်အတွင်း အကောင်အထည်ဖော်မယ့် အကူအညီဖြတ်တောက်မှုက အမေရိကန်ဒေါ်လာ ၁၇.၂ ဘီလီယံရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗြိတိန်ကလည်း နှစ်စဉ်အကူအညီ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ လျှော့ချပြီး အစိုးရငွေတွေကို ကာကွယ်ရေးဘက် ပြန်အသုံးချမယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာငွေ စုစုပေါင်းဟာ ၂၀၂၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ကျဆင်းသွားမယ်လို့ မကြာသေးမီက ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး လေ့လာမှုက ခန့်မှန်းထားပါတယ်။
“ဒီဖြတ်တောက်မှုက အရှေ့တောင်အာရှကို အတော်လေး ထိခိုက်စေလိမ့်မယ်” လို့ သူက ဆိုပါတယ်။
“ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးအကူအညီတို့လို နှစ်နိုင်ငံအစိုးရအကြား တိုက်ရိုက်ထောက်ပံ့ငွေအပေါ် မှီခိုနေရတဲ့ လူမှုရေးကဏ္ဍ ဦးစားပေးလုပ်ငန်းတွေလည်း ဆုံးရှုံးနိုင်ခြေများပါတယ်”။ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့လို ဆင်းရဲတဲ့နိုင်ငံတွေဟာ နောက်ကျန်ရစ်နေခဲ့ရပြီး ရေရှည်တည်ငြိမ်မှု၊ သာတူညီမျှနဲ့ ခံနိုင်ရည်ရှိမှုတို့ကို ထိခိုက်စေနိုင်တဲ့ စိတ်ဝမ်းကွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေကြောင်း လေ့လာမှုက သတိပေးထားပါတယ်။

“အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ငွေကြေးအခင်းအကျင်းရဲ့ ဗဟိုချက်က ပေကျင်း အပြင် တိုကျိုနဲ့ ဆိုးလ်အထိ အရှေ့နိုင်ငံတွေဆီ ရွေ့လျားသွားပုံရတယ်” လို့ လေ့လာမှုက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ဆက်ဆံရေး အားနည်းလာတာနဲ့အမျှ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရွေးချယ်ခွင့်တွေဟာ ကျုံ့သွားနိုင်ပြီး ပေကျင်းနဲ့ ညှိနှိုင်းနိုင်မယ့် အနေအထား နည်းသွားတယ်လို့ အစီရင်ခံစာက ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးအကူအညီ ဆုတ်ယုတ်သွားတာနဲ့အမျှ ဒေသတွင်း ဖွံ့ဖြိုးရေးကဏ္ဍမှာ တရုတ်ရဲ့ အရေးပါမှု မြင့်တက်လာတယ်လို့ သူက ဆိုပါတယ်။
ဒေသတွင်းအတွက် ပေကျင်းရဲ့ ဖွံ့ဖြိုးရေးဘဏ္ဍာငွေဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကနေ ၄.၉ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း၊ အများစုမှာ အင်ဒိုနီးရှားနဲ့ မလေးရှားက ရထားလမ်းချိတ်ဆက်မှုလို အခြေခံ အဆောက်အုံ စီမံကိန်းကြီးတွေမှာ မြင့်တက်လာတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းလည်း ပြန်လည်အသက်ဝင်လာမှုကြောင့် တရုတ်ရဲ့ အရှေ့တောင်အာရှ အခြေခံအဆောက်အအုံဆိုင်ရာ ထည့်ဝင်မှုတွေက ကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးအထိ လေးဆကျော် မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
မူရင်းသတင်း – As aid from the West pulls back, China rises in Southeast Asia – study