မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။

အသက် ၁၄ နှစ်ကျော်အရွယ် မောင်အောင် (အမည်လွှဲ) ကလည်း ကျောင်းမတက်ရတဲ့အလျောက် အိမ်မှာပဲ ကလေးသဘာဝ ဂိမ်းဆော့၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်နေတာကြောင့် မိဘတွေက ကလေးပညာရေးအတွက် နေရာသစ်တစ်ခုကို ပြောင်းရွှေ့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၂၃-၂၄ စာသင်နှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ သွေးသစ်အထက်တန်းကျောင်းမှာ GED တက်ဖို့ မိဘဖြစ်သူတွေက အဆိုပါကျောင်းက ဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ မောင်အောင် (အမည်လွှဲ)ကို ကျောင်းအပ်ခဲ့ပြီး စိတ်ချလက်ချ ထားရစ်ကာ နေထိုင်ရာဇာတိကို ပြန်လာခဲ့ပါတယ်။

မိဘဖြစ်သူတွေ စိတ်ချစွာ ပညာသင်ဖို့ထားခဲ့တဲ့ မောင်အောင် (အမည်လွှဲ) ဟာ အဆိုပါ သွေးသစ်ကျောင်းက ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်အတွက် လိင်အမြတ်ထုတ်ဖို့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

GED ကျောင်းသား မောင်အောင် (အမည်လွှဲ) ကို ဦးဇော်ငြိမ်းလတ်က ကျောင်းဝန်း အတွင်းအပြင် မုန့်ဝယ်စားဖို့ မုန့်ဖိုး ဘတ် ၁၀၀ ကနေ ၂၀၀ အထိ စတင်ပေးရင်း ၃/၄ ရက် အကြာမှာ လိင်အမြတ်ထုတ်ဖို့ စတင်ကြိုးပမ်းလာပါတော့တယ်။

“မင်းမိဘတွေက စီးပွားရေး အဆင်မပြေဘူး။ မင်းတို့က ဆင်းရဲတယ်ဆိုပြီး ကလေးကို စပြီးပြောတာ။ ၁၄/၁၅ နှစ်အရွယ်လေဗျာ။ သူက ရော့ မင်းမုန့်သွားစား.. ဘတ် ၁၀၀ ပေးလိုက်တယ်။ ဘတ် ၂၀၀ ပေးလိုက်တယ်။ မင်းလည်း ဟိုဟာ စားချင်မှာပေါ့.. ကွတ်တယိုစားချင်မှာပေါ့ ရော့ သွားစား ပိုက်ဆံပေးလိုက်တယ်။ ကလေးကတော့ ဘာမှမသိဘူးလေ ပျော်တာပေါ့ဗျာ” လို့ ကျူးလွန်ခံရသူ မောင်အောင်ရဲ့ ဖခင်က မောင်းကို ပြောပြပါတယ်။

ကျောင်းစတပ် အပ်နှံတဲ့နေ့တုန်းက သွေးသစ်ကျောင်းက ကျောင်းဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ ကျောင်းဝင်ကြေးပဲ ပေးခဲ့ရပြီး နောက်လတွေမှာ ပိုက်ဆံပေးရတာမျိုး မရှိတော့တာကြောင့် မောင်အောင်ရဲ့ ဖခင်ဟာ သူ့သား တစ်ကိုယ်စာ သုံးစွဲဖို့အတွက် ပိုက်ဆံကို အဆိုပါကျောင်းက အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကျောင်းဆရာမ အမိုးဆီမှာ ပိုက်ဆံအပ်ထားပေးတယ်လို့ ဆိုပါတယ်။

လိင်အမြတ်ထုတ်မှု ကျူးလွန်ခဲ့သည့် ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်

“ဒီကျောင်းကို ကျနော့်ကလေးကို အပ်ပေးတာက အရင်တုန်းက အဲ့ကျောင်းမှာ စာသင်ခဲ့တဲ့ဆရာ.. သူက ကျောင်းအုပ်နဲ့ ရင်းနှီးတယ်။ ကလေးတွေက CDM ဝင်တော့ ကျောင်းမတက်ဖြစ်ဘူး။ ဝေလေလေ ဖြစ်သွားတော့ သူက ကလေးကို GED ဖြေခိုင်း၊ သွေးသစ်မှာ ငါထားပေးမယ် (ပြောတယ်)။ သွေးသစ်ကို ကျောင်းဝင်ကြေးတော့ ပေးရတယ်။ နောက်ပိုင်း လစာတွေ မပေးရဘူး။ မပေးရဘူးဆိုတာလည်း အဲဒီဆရာရဲ့ အရှိန်အဝါပေါ့ဗျာ။ ဆရာကလည်း ပြောတယ်။ မင်းကျောင်းပြီးတော့မှပဲ ကျောင်းကို လှူချင်လှူလိုက်၊ ကြားထဲမှာ မပေးနဲ့။ ငါပြောပြီးသွားပြီဆိုလို့ မပေးရဘူး။ ကလေးအတွက်ကိုပဲ ပိုက်ဆံကို အမိုးဆိုတဲ့ ဆရာမကြီးဆီမှာ အပ်ထားတယ်။ ကလေးက လိုတယ်ဘာညာဆို အမိုးဆီက သွားတောင်းတယ်” လို့ ဖခင်ဖြစ်သူက ဆက်ပြောပါတယ်။

ဒီအကြောင်းအရာတွေကို သိထားတဲ့ ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်က အခွင့်ကောင်းယူပြီး ကျောင်းသား မောင်အောင်ကို မုန့်ဖိုးပေးတာကနေ စတင်ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ မောင်အောင်ကို ဆေးလိမ်းပေးဖို့အတွက် ည ၉နာရီခွဲခန့်အချိန်မှာ ခေါ်ခဲ့ပါတယ်။

လိင်အကြမ်းဖက်ခံရမယ်မှန်း မသိတဲ့ မောင်အောင်တစ်ယောက် ဦးဇော်ငြိမ်းလတ်ဆီ ရောက်သွားပြီးတဲ့နောက် ဦးဇော်ငြိမ်းလတ်က သူ့ရဲ့ ကျောကို ဆေးလိမ်းခိုင်းခဲ့ပါတယ်။ ဆေးလိမ်းပြီး မောင်အောင်ကို ပေးမပြန်ဘဲ ခဏအိပ်ချင်လို့ဆိုကာ သူနဲ့ကျောပြင်ချင်းထိပြီး အိပ်ခိုင်းခဲ့ပါတယ်။

ည ၁နာရီကျော်လောက်ရောက်တဲ့အချိန်ကျမှ ဦးဇော်ငြိမ်းလတ်က မောင်အောင်ရဲ့ လက်ကိုယူပြီး သူ့ရဲ့ တင်ပါးပေါ်တင်ကာ အနားကပ်လာတဲ့အတွက် မောင်အောင်က ငြင်းဆန်ခဲ့ပေမယ့် မောင်အောင်ရဲ့ ဘောင်းဘီကိုချွတ်ကာ လိင်အမြတ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

“သူ့ကို ဆေးလိမ်းပေးရတယ်။ ပြီးတော့ အိပ်ခိုင်းလို့ ခဏအိပ်မလို့ သူက ကျောချင်းကပ်ပေးထားတယ်။ အဲ့ဒါပြီးတော့ ည ၁နာရီလား ၂နာရီလား မသိဘူး။ သား သူ့ဘက်ကို လှည့်ပြီးတော့ အိပ်နေတဲ့ပုံစံ ဖြစ်နေတယ်။ နောက်ခဏနေကျတော့ သူ စပြီးတော့ကပ်တယ်။ သားလည်းငြင်းတယ်။ မလုပ်တတ်ဘူးဘာညာနဲ့ အဲ့လိုပြောလို့ မပြီးခင်မှာ ဘောင်းဘီချွတ်တယ်။ အဲ့ဟာတွေ အကုန်ပြီးသွားတော့ သူ ထမင်းသွားစားတယ်။ သား အဆောင်ကို ပြန်ပြေးလာတယ်” လို့ မောင်အောင်ရဲ့ ပြောပြချက်ကို ဖခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

လိင်အမြတ်ထုတ်ပြီးတဲ့အခါ ဦးဇော်ငြိမ်းလတ်က မောင်အောင်ကို ထိုင်းဘတ်ငွေ ၇၀၀ ပေးခဲ့ပေမယ့် မယူဘဲ အခန်းထဲမှာသာ ပြန်ထားခဲ့တယ်လို့ ဆိုပါတယ်။

သွေးသစ်ကျောင်းတွင် ကျောင်းသားကျောင်းသူများ ဖြေဆိုနေကြစဥ်

နောက်တစ်နေ့ ကျောင်းဆင်းချိန်မှာလည်း ဦးဇော်ငြိမ်းလတ်က မောင်အောင်ကို လူတစ်ယောက်နဲ့ ခေါ်ခိုင်းခဲ့ပါတယ်။ ဘယ်သူခေါ်မှန်းမသိတဲ့အတွက် လိုက်ပါသွားတဲ့ မောင်အောင် ရောက်တဲ့အချိန်မှာ ဦးဇော်ငြိမ်းလတ်က မောင်အောင်ကို ကျောင်းလခ မသွင်းတဲ့ကိစ္စတွေ၊ မိသားစုအခြေအနေ အကြောင်းအရာတွေ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် စနေနေ့ တစ်ရက်မှာတော့ ဦးဇော်ငြိမ်းလတ်က သူနဲ့ ထပ်အိပ်ဖို့ ခေါ်တဲ့အတွက် မောင်အောင်က သူငယ်ချင်းတွေနဲ့အတွက် ည ၁၁ နာရီအထိ စာလုပ်ရလို့ မလာနိုင်ကြောင်းပြောပေမယ့် မရမက ခေါ်ခဲ့တယ်လို့ သိရပါတယ်။

“စာလုပ်နေလို့ မလာနိုင်ဘူးပြောတော့ သူက ဒီည တစ်ရက် စာမလုပ်နဲ့တဲ့။ နောက်အပတ်မှ လုပ်ဆိုလို့ သွားလိုက်ရတယ်။ တစ်ပတ်တစ်ခါ လာအိပ်ပေးရမယ်လို့လည်း ပြောတယ်” လို့ ကျူးလွန်ခံရသူ ကျောင်းသား မောင်အောင်ရဲ့ ပြောပြချက်ကို ဖခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

ဦးဇော်ငြိမ်းလတ်ဟာ ကျောင်းသားရဲ့ လိင်အင်္ဂါကို ကိုင်ပြီး ကျောင်းသားအား ဆေးလိမ်းထားတဲ့ လက်နဲ့ သူ့ရဲ့ စအိုထဲ နှိုက်ခိုင်းတာမျိုးတွေ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ လုပ်ခိုင်းတာမျိုးတွေ ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။

စာသင်ကျောင်းအတွင်း နေ့စဥ်နဲ့အမျှ မွန်းကြပ်မှုတွေ၊ စိတ်ခြောက်ခြားမှုတွေနဲ့ နေနေရတဲ့ မောင်အောင်ဟာ မိသားစုကို ဆက်သွယ်ချင်ပေမယ့် ကျောင်းမှာ ဖုန်းတွေ၊ Laptop တွေ သိမ်းထားတဲ့အတွက် ချက်ချင်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ ကျူးလွန်ခံရမှုအကြောင်း သူငယ်ချင်းကို ပြောပြကာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အထောက်အထားမရှိတဲ့အတွက် ထွက်ပြေးလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

ဦးဇော်ငြိမ်းလတ်ဟာ သူခေါ်တာ မလာရင်လည်း မောင်အောင်အကြောင်းကို ကျောင်းထဲက တခြား ဆရာ၊ဆရာမတွေဆီ မဟုတ်မမှန် သတင်းတွေ လျှောက်ပြောခဲ့ပါတယ်။

“ကလေးက မသွားတော့ ကျောင်းထဲမှာ သူ သတင်းလိုက်လွှင့်တယ်။ ကလေးက ဆိုးတယ်ပေါ့။ ဆေးလိပ်သောက်တယ်ပေါ့၊ ဆေးချတယ်ပေါ့၊ ပိုက်ဆံခိုးတယ်ပေါ့၊ ဆရာတွေကြားထဲမှာ ကလေးကို နာမည်ဖျက်တာပေါ့။ အဲ့ဒီပြဿနာမဖြစ်ခင်မှာ ကလေးက ၂ည သူ့ကို လုပ်ပေးလိုက်ရတယ်။ ကလေးက တတိယအခေါက်မှ ထွက်ပြေးတာ” လို့ မောင်အောင်ရဲ့ ဖခင်က ပြောပါတယ်။

ရက်အနည်းငယ်အကြာမှာတော့ မောင်အောင်တစ်ယောက် သူငယ်ချင်းရဲ့ Laptop ကနေ အစ်မဖြစ်သူကနေတဆင့် မိဘတွေကို ဆက်သွယ်ခဲ့ပေမယ့် ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မိဘတွေ ချက်ချင်းရောက်မလာနိုင်ခဲ့ပါဘူး။

မောင်အောင်ရဲ့ မိဘတွေက သွေးသစ်ကျောင်းက ဆရာတစ်ယောက်ထံ ဆက်သွယ်ပြီး အကြောင်းစုံ ရှင်းပြခဲ့တဲ့အတွက် အဆိုပါ ကျောင်းဆရာက မိဘတွေကို စိတ်မပူဖို့နဲ့ သားဖြစ်သူကို သေချာစောင့်ရှောက်ပေးဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီ ကျောင်းဆရာလည်း သွေးသစ်ကျောင်းကနေ ထွက်သွားခဲ့ပြီလို့ သိရပါတယ်။

ဦးဇော်ငြိမ်းလတ်ဟာ GED မှာ Social Science ဘာသာရပ်ကို သင်ကြားပေးသူဖြစ်တာကြောင့် မောင်အောင်တစ်ယောက် သူ့ရဲ့ အတန်းချိန်တွေဆိုရင် မတက်ချင်တော့သလို အဲ့လိုတွေဖြစ်တဲ့အချိန်ကလည်း စာမေးပွဲကြီးနဲ့ နီးကပ်တဲ့အချိန် ဖြစ်နေပါတယ်။ စာသင်ချင်တဲ့စိတ် မရှိတော့ဘဲ အိမ်ကိုသာ ပြန်ချင်ကြောင်း၊ ခွဲခြားဆက်ဆံမှုတွေကလည်း ပိုမိုဆိုးဝါးလာကြောင်း မိဘတွေနဲ့ အဆက်အသွယ်ရပြီးနောက် မောင်အောင်က ပြောပြခဲ့ပါတယ်။

သွေးသစ်ကျောင်းတွင် ကျောင်းသားကျောင်းသူများ ဖြေဆိုနေကြစဥ်

၂၀၂၄ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ စာမေးပွဲ ဖြေဆိုပြီးတဲ့နောက် မိဘတွေ အကူအညီတောင်းထားတဲ့ ကျောင်းဆရာကပဲ မောင်အောင်ကို ကျောင်းကနေ ခေါ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့နဲ့ အဆက်အသွယ်ရတဲ့အချိန် သားက ကျနော့်ကိုပြောတယ်။ သားကို ဒီကနေ အမြန်ဆုံး ဆွဲထုတ်ပေး၊ စာမေးပွဲလည်း မဖြေတော့ဘူး။ သားအရမ်းကြောက်နေပြီပေါ့။ ကလေးက အရမ်းထိတ်လန့်နေပြီး ကျနော်တို့ ချက်ချင်းသွားဖို့ကလည်း အဆင်မပြေဘူး။ ကျနော်က ဒီဘက်ခြမ်းမှာ (မြန်မာပြည်) သူက ဟိုဘက်ခြမ်းမှာ။ ချက်ချင်းသွားဖို့ အဆင်မပြေတော့ ဆရာကနေပဲ သူ့ကို ဆွဲထုတ်ပြီးတော့ ကျနော်တို့ဆီကို ပြန်ပို့ခဲ့တယ်။ ကလေးက စိတ်ဒဏ်ရာ တော်တော်ထိခိုက်သွားတယ်။ ဒီကျောင်းက တကယ် ငရဲခန်းလိုပဲ။ နေရတာ စားရတာ အကုန်လုံး ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံမှုတွေ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဒီလို အဖြစ်ဆိုးတွေ ကြုံနေရတာကို သွေးသစ် ကျောင်းအုပ်ဆရာကြီး ဦးဇော်လွင်ဦးကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပေမယ့် ကူညီဖြေရှင်းပေးတာမျိုး မရှိတဲ့အပြင် ကလေးကိုသာ မဟုတ်မမှန် ပြောဆိုတဲ့ပုံစံမျိုး ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဦးဇော်ငြိမ်းလတ်ဟာ လိင်အမြတ်ထုတ်မှုတွေကို ၂၀၂၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိလည်း ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ကျောင်းသားတစ်ယောက်က သူ့ရဲ့ မိသားစုဝင်တွေကို ပြန်လည်ပြောဆိုခဲ့တာကြောင့် အဆိုပါ အကြောင်းအရာတွေ ဖေ့ဘွတ်ခ် လူမှုကုန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီလိုသတင်းတွေ ပျံ့နှံ့လာတဲ့အတွက် သွေးသစ်အထက်တန်းကျောင်းက ဦးဇော်ငြိမ်းလတ်ကို သွေးသစ် Learning Center တွေမှာ ပညာသင်ကြားခြင်း၊ ကျောင်းအတွင်း နေထိုင်ခြင်းကိစ္စရပ်တွေကနေ ရပ်နား ထွက်ခွာပေးဖို့ ဇူလိုင်လ ၆ရက်မှာ ထုတ်ပြန်ထားသလို ဦးဇော်ြငိမ်းလတ်ကို တိုင်ကြားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းတာဝန်ခံက သိရှိတဲ့အခါ သက်ဆိုင်ရာ ကလေးအခွင့်အရေးကော်မတီတွေကို ချက်ချင်း အလုံးစုံ အသိပေးထားကြောင်း၊ နောက်နောင်လည်း ဦးဇော်ငြိမ်းလတ်နဲ့ သွေးသစ်ကျောင်း ပတ်သက်မှုမရှိတော့တာကြောင့် အကြောင်းကိစ္စပေါ်လာရင် ကာယကံရှင်နဲ့သာ တိုက်ရိုက်တွေ့ဆုံ ဖြေရှင်းဖို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ လိင်အမြတ်ထုတ်မှု ကျူးလွန်သူ ကျောင်းဆရာ ဦးဇော်ငြိမ်းလတ်ကို ထိုင်းအာဏာပိုင်တွေက အချုပ်ထဲ ထည့်ထားကြောင်း၊ လာမယ့် ဇူလိုင်လ ၂၁ရက်မှာ တရားသူကြီးက အမှုလက်ခံတာနဲ့ ထောင်ကျတဲ့အထိ ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ယောက်က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

GZA စစ်ဦးစီးချုပ်အပါ အဖွဲ့ဝင် ၅ ဦးနှင့် YDF တပ်ဖွဲ့ဝင် ၂ ဦး လုပ်ကြံခံရ 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ Generation Z Army (GZA) စစ်ဦးစီးချုပ် အပါအဝင် တပ်ဖွဲ့ဝင် ၅ယောက်နဲ့ YDF တပ်ဖွဲ့ဝင် ၂ယောက် လုပ်ကြံခံခဲ့ရတယ်လို့ Generation Z Army (GZA) က ဇူလိုင်လ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း အပိုင်စားပေးပြီး အပြန်အလှန်အနေနဲ့ မြန်မာပြည်မှာ နျူကလီးယားစက်ရုံ တည်ဆောက်မယ့် စစ်ကောင်စီ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ရုရှားခရီးစဉ်မှာ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အပြန်အလှန်အဖြစ် ရုရှားတို့ရဲ့နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ဆိုပါတယ်။ 
Read More

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အကူအညီတချို့ စတင်ရောက်ရှိလာ

သောကြာနေ့က မြန်မာပြည်အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ၇.၇ ရစ်ခ်ျတာစကေး အဆင့်ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သမိုင်းဝင်နေရာတွေ၊ အထပ်မြင့်တိုက်တွေ၊ လမ်းတံတားတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ အတော်များများ ထိခိုက်ပျက်စီး ဆုံးရှုံးလျက်ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ 
Read More

မြန်မာစစ်ကောင်စီအလိုကျ ကပြအသုံးတော်ခံနေသည့် ကုလသမဂ္ဂ

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရာရှိတွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မလုပ်ရင် မြန်မာ့အကျပ်အတည်းမှာ ကျူးလွန်သူတွေကို တရားဝင်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒါဟာမြန်မာပြည်သူတွေအပေါ် နောက်တခါ သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။