မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ တည်ရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၁) မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဗုံးသီးတွေအပြင် နိုင်ငံတကာကနေ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ပြင်းထန် Cluster Bomb (ကလပ်စတာဗုံး) အမျိုးအစားတွေပါ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

ကပစ ၂၁ ကို ကူညီထုတ်လုပ်ပေးနေတဲ့ စက်ရုံကတော့ ဆိပ်ဖြုမြို့နယ်ထဲမှာပဲရှိတဲ့ အမှတ် ၂၂ ရွှေမော်ကျွန်းကာကွယ်ရေး ပစ္စည်းစက်ရုံဖြစ်ပြီး အနီးအနားမှာ ကပစ ၂၅၊ ကပစ ၂၀ စတဲ့ စက်ရုံတွေကလည်း ဘေးနံတပ်အဖြစ် တည်ရှိနေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကပစ ၂၁ ရဲ့ ထုတ်လုပ်မှုတွေကို တရုတ်အစိုးရပိုင်ကုမ္ပဏီ China South Industries Group Corporation နဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ Hunan Vanguard နဲ့ Chongqing Changan တို့က ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို လေကြောင်းပစ်ဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကပစ ၂၁ စက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပေမယ့် ကြီးမားတဲ့ သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။ 

ဒါနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ ကစပစက်ရုံတွေဟာ ကျယ်ဝန်းလွန်းတာကြောင့် စက်ရုံတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ မလွယ်လှဘူးလို့ မှတ်ချက်ပြုထားပါတယ်။  

“မျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင် ကပစစက်ရုံတွေက မီတာ ၃၀၀-၄၀၀ ပတ်လည်… အနည်းဆုံး မိုးလုံလေလုံ အားကစားရုံဆိုဒ်လောက်ဆိုတော့ စက်ရုံတခုလုံးကို ဖျက်ဆီးပစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ရှော့တိုက်ဒုံးတွေနဲ့ အလုံးအရင်းပစ်ရင်တောင် စက်ရုံရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပျက်စီးဖို့ရှိမယ်။ ဒါတောင် ထိထိရောက်ရောက် ကွဲဦးမှ” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းကို  ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ခဲ့ရတဲ့ ဗုံးခွံအစိတ်အပိုင်းတွေဟာ ကပစ ၂၁ ထုတ် MAB-26 C 6 Cluster Bomb အမျိုးအစား ဖြစ်တာကို တွေ့ရှိရတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနကနေ ဆိုထားပါတယ်။

MAB-26 C 6 Cluster Bomb ဟာ ၂၆ပေါင် အလေးချိန်ရှိတဲ့ ၁၂၀ မမ ဗုံး (၁၀) လုံး ပါရှိတဲ့ ပဒေသာဆင့်ကွဲ ကလပ်စတာဗုံးအမျိုးအစားဖြစ်ပြီး၊ ဒီကလပ်စတာဗုံးတွေဟာ နိုင်ငံတကာမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဗုံးအမျိုးအစားလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလပ်စတာဗုံးတွေကို တောက်လျှောက်ဆိုသလို အသုံးပြုနေခဲ့တာပဲ ဖြစ်ပါတယ်။ 

ကပစ ၂၁ စက်ရုံကို ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးအများစုကို ထုတ်လုပ်ပေးနေသလို၊ ပြင်းထန်ဗုံးတွေဖြစ်တဲ့ ကလပ်စတာဗုံးတွေနဲ့ FAE (Fuel-Air Explosive) ဗုံးတွေ အပါအဝင် အခြားပြင်းထန်ဗုံးတွေကိုပါ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါ စက်ရုံမှာ ဝန်ထမ်း ၁,၂၀၀ ကျော် လုပ်ကိုင်နေကာ စက်ရုံကို စစ်ဘက်ဆိုင်ရာ လုံခြုံတဲ့ နယ်မြေတစ်ခုအဖြစ် စနစ်တကျ ဖွဲ့စည်းထားတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ကပြီး “ကျနော်အရင်က ပြောခဲ့သလိုပဲပေါ့နော်… စက်ရုံတစ်ခုလုံးကတော့ တိုက်ခိုက်ဖို့လွယ်မှာ မဟုတ်ပါဘူး။ စက်ရုံကို ချိတ်ဆက်ထားတဲ့ ရေလိုင်း၊ မီးလိုင်းတွေကို ဖြတ်တောက်ဖို့ပေါ့နော်။ အပြီးမဖြတ်တောက်နိုင်ရင်တော့ သူတို့ရဲ့ production တွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်ရုံလောက်ပဲရမယ့် အနေအထားမျိုးပါ” လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကပစ စက်ရုံပေါင်း ၂၅ ရုံရှိပြီး ကပစ စက်ရုံအများစုကို မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ဆောက်ထားကာ စက်ရုံပေါင်း ၁၅ ရုံအထိ ရှိပါတယ်။ ဒုတိယအများဆုံး ရှိတဲ့ ဒေသကတော့ ပဲခူးတိုင်း ဖြစ်ပြီး စက်ရုံ ၇ ရုံ ရှိကာ နေပြည်တော်မှာ ၂ရုံ၊ ရန်ကုန်တိုင်းမှာ ၁ရုံ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ 

အဲ့လို စစ်တပ်အတွက် လက်နက်ထုတ်လုပ်မှုတွေကို အဓိက တာဝန်ယူနေသူတွေကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုတိယ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ် ကိုကိုလွင်၊ ဗိုလ်ချုပ် မျိုးအောင်၊ ကပစ စက်ရုံ ၂၅ခုမှ စက်ရုံမှူးတွေနဲ့ အင်ဂျင်နီယာတွေဖြစ်ပြီး သူတို့ဟာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ လိုအပ်တဲ့ စစ်လက်နက်ထုတ်လုပ်ရေးကို အကောင်ထည်ဖော်ပေးနေတဲ့ သွေးစွန်းလက်ပိုင်ရှင်တွေ ဖြစ်တယ်လို့ တမာအင်စတီကျူရဲ့ သုတေသနစာဖမ်းမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး စံနှုန်းတွေကို ချိုးဖောက်ကာ စစ်ကောင်စီရဲ့ ကပစ ၂၁ ကို ကူညီပံ့ပိုးပေးနေတဲ့ တရုတ်အစိုးရပိုင် China South၊ Hunan Vanguard၊ Chongqing Changan နဲ့ ဆက်စပ်ကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့၊ မြန်မာစစ်တပ်ကို နိုင်ငံခြားနည်းပညာ အထောက်အပံ့ အထူးသဖြင့် မိုက်ခရိုအီလက်ထရောနစ်တွေ ဝင်ရောက်မှုတွေကို ပိတ်ပင်ဖို့ စတွေကို လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကနေ အကြံပြု တိုက်တွန်းထားပါတယ်။

SAC-M မှ Chris Sidoti ကတော့ “တရုတ်ရဲ့ ကူညီပံ့ပိုးမှုတွေက စစ်ကောင်စီကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံအရေးမှာ တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ချင်တယ်ဆိုရင်တော့ မင်းအောင်လှိုင်ကို  နောက်ထပ်ဗုံးတွေ ထပ်မချဖို့  တားမြစ်ရမှာ ဖြစ်ပါတယ်။ အရပ်သားတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက်ဆိုရင် ကပစ- ၂၁ က ဝေဟင်ဗုံး ထုတ်လုပ်နေမှုတွေကို နှောင့်ယှက်တားဆီးနိုင်ဖို့က အရေးကြီးပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

မည်သို့ပင်ဖြစ်စေ စစ်တပ်ဟာ ကပစ-၂၁ ကဲ့သို့သော လက်နက်စက်ရုံတွေမှာ လက်နက်ခဲယမ်းတွေကို ဆတိုးထုတ်လုပ်ပြီး၊ နိုင်ငံတွင်း ထင်တိုင်းကျဲ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြင့် စစ်ရေးအသာစီးရအောင် ကြိုးပမ်းနေတယ်ဆိုတာကို လက်ရှိမြေပြင်မှာ ထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်တာကြောင့်၊ ယင်းလက်နက်စက်ရုံများကိုသာမက ၄င်းနှင့်ဆက်စပ် ထောက်ပို့ကွင်းဆက်များကိုပါ ဗျူဟာကျကျ ဖျက်ဆီးနိုင်ဖို့က အရေးကြီးကြောင်း စစ်ရေးဗျူဟာ ကျွမ်းကျင်သူများက ဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီထံက စစ်ရေးအရ အရေးပါတဲ့ လေဆိပ် ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စစ်ရေးဗျူဟာအတွေ့အကြုံတွေကို သွေးနဲ့ရင်းပြီးရခဲ့တဲ့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း

ဗျူဟာကျကျ စစ်တိုက်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံတွေလိုချင်လို့ ချင်းညီနောင်အဖွဲ့နဲ့အတူ  မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃ ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ပြည်သူတွေကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

စစ်ရေးအရှိန်မြင့်လာတဲ့ မြို့ပြပြောက်ကျား ရန်ကုန်လှုပ်ရှားမှုများ

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီကို ပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က အသီးသီးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို တရားဝင်နိုင်စေတဲ့ ဒေသတွင်းနိုင်ငံတချို့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုဟန့်တားကြမလဲ

လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီသည် အလွန်အားနည်းလာသော်လည်း စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်း၊ တော်လှန်ရေးတပ်များသည် အတော်အတန် အနိုင်ရလာပြီဖြစ်သော်လည်း အောင်ပွဲကို ထိန်းထားရန် မလွယ်သေးကြောင်း၊ ပိုဆိုးသည်မှာ အနာဂတ်တိုင်းပြည်ကို ထူထောင်ရန် မဟာမိတ်များကြားတွင် နိုင်ငံရေးသဘောတူညီချက်ကို ရနိုင်ဖို့မလွယ်သေးကြောင်း စသဖြင့် မြန်မာ့အိမ်နီးချင်းများက ရှုမြင်ကြသည်။
Read More

နိုင်ငံတဝန်း စစ်ကော်မရှင် လက်အောက်ခံများ ပြန်ပေးသမားဆန်ဆန် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ၊ အချို့နေရာများတွင် လူပြန်ရွေးချင်လျှင် သိန်းရာနှင့်ချီပြီး နေ့ချင်းပေးရ

မတရားစစ်မှုထမ်း အပတ်စဥ်(၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။