ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 

ကလေးစစ်သားစုဆောင်းမှု အပါအဝင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ချိုးဖောက်မှု ၂၁၃၈ ခုကို ကုလသမဂ္ဂက စစ်ဆေးခဲ့ရပြီး နောက်ထပ် ဆိုင်းငံ့ထားတဲ့ အမှုပေါင်း ၁၂၀၀ ခန့်ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ဇွန်လ ၁၉ ရက်မှာ အစီရင်ခံထားပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ သူနဲ့ဆက်စပ်အဖွဲ့တွေရဲ့ အသက် ၁၂ နှစ်အောက် ကလေးစစ်သား စုဆောင်းအသုံးပြုမှု ၁၈၀၀ ကျော်ကို ကုလသမဂ္ဂအနေနဲ့ စစ်ဆေးအတည်ပြုထားပြီး အစီရင်မခံနိုင်တဲ့ အမှုတွေလည်း အတော်များများ ရှိနေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီ သုံ့ပန်းတွေနဲ့ အလင်းဝင် စစ်သားတွေထဲမှာ ကလေးစစ်သားတွေ ပါဝင်နေတာကို ဒေသခံအရပ်ဘက်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက HRW ကို ပြောဆိုထားကြောင်း သိရပါတယ်။ 

စစ်ကောင်စီဟာ အဓိကအားဖြင့် မိသားစုနဲ့ အတူမရှိတဲ့ကလေးတွေ၊ အိမ်ခြေမဲ့ ကလေးတွေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ အသက်မပြည့်သေးသူတွေကို ပစ်မှတ်ထားပြီး ဖြားယောင်းခေါ်ဆောင်တာ၊ ပြန်ပေးဆွဲတာတွေ လုပ်လေ့ရှိပြီး လမ်းပြတွေ၊ ထမင်းချက်တွေ၊ ပေါ်တာတွေ အပြင် ရှေ့တန်း စစ်သားတွေနဲ့ လူသားဒိုင်းတွေအဖြစ်ပါ အသုံးချခဲ့တယ်လို့ HRW ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်၊ နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စကစ၏ စစ်သားများ ပါဝင်ဆင်နွှဲခဲ့စဉ် (ဓာတ်ပုံ AP)

“မြန်မာစစ်တပ်ဟာ ကလေးတွေကို ပေါ်တာတွေ၊ လမ်းပြတွေနဲ့ တိုက်ခိုက်ရေးသမားတွေအဖြစ် အသုံးချခဲ့တဲ့ စိတ်ပျက်စရာ သမိုင်းကြောင်း ရှိပါတယ်” “စစ်ကောင်စီအနေနဲ့ ကလေးစစ်သားအသုံးပြုမှုကို ချက်ချင်းရပ်တန့်ပြီး တပ်ထဲက ကလေးစစ်သားတွေအားလုံးကို ပြန်လွှတ်ဖို့ ကုလသမဂ္ဂ အရာရှိတွေနဲ့ ပူးပေါင်းသင့်တယ်”  HRW ရဲ့ အာရှသုတေသီ Shayna Bauchner က ပြောပါတယ်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက နှစ်စဉ်မှတ်တမ်းတင်ထားတဲ့ “အရှက်ရဖွယ်စာရင်း” ထဲမှာတော့ စစ်ကောင်စီဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှုကြီး ၅ ခုစလုံး ကျူးလွန်ခဲ့တဲ့ နိုင်ငံအဆင့် အဖွဲ့အစည်းအဖြစ် ထီးထီးကြီး ပါဝင်နေတာပါ။ 

ဒါ့အပြင် အတွင်းရေးမှူးချုပ်ရဲ့ ကလေးစစ်သားအသုံးပြုသူ စာရင်းထဲမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ (၇) ခုလည်း ပါဝင်နေတယ်လို့လည်း HRW ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကြံပေးတစ်ယောက်က တော်လှန်ရေးနယ်မြေအတွင်း ကလေးစစ်သား များစွာရှိနေပြီး တချို့က အတိုက်အခံတွေဆီ ဆန္ဒအရ ပူးပေါင်းပါဝင်ခဲ့ကြတာလို့ ဆိုထားပါတယ်။ 

“မြန်မာပြည်က ကလေးငယ်တွေ ခံစားနေရတဲ့ အကြမ်းဖက်မှုအဆင့်နဲ့ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူတွေ အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ တိုးမြင့်လာတဲ့အပေါ် ထိတ်လန့်မိတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gamba က ဧပြီလမှာ ပြောဆိုခဲ့ပါတယ်။ 

အာဏာသိမ်းပြီးနောက် မြင့်တက်လာတဲ့ စစ်ကောင်စီရဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုမှုဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပိုမို တိုးများလာကြောင်း သိရပါတယ်။ 

စစ်မှုထမ်းစုဆောင်းရေး နည်းလမ်းတွေက မြို့ပြဆင်းရဲသားတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ အထောက်အထားမဲ့သူတွေနဲ့ ရိုဟင်ဂျာမူဆလင်တွေအပါအဝင် လူမျိုးစုနဲ့ ဘာသာရေးလူနည်းစုတွေကို  ပိုမို ပစ်မှတ်ထားတယ်လို့ HRW ကဆိုပါတယ်။ 

“စစ်မှုထမ်းဖို့အသက် ပြည့်မီသူတွေ ဒါမှမဟုတ် ပြည့်ခါနီးသူတွေဟာ အဓမ္မစစ်မှုထမ်းရုံတင်မက စစ်တပ်ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ရာမှာ အသုံးချခံရမှာကိုလည်း စိုးရိမ်ပြီး အသက်ရှင်နေရတယ်” လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ၂၀၂၅ ခုနှစ် မတ်လမှာ ပြောဆိုထားပါတယ်။ 

“ဒီလိုဆိုးရွားလှတဲ့ ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်မှုကို အဆုံးသတ်အောင် မြန်မာ စစ်ကောင်စီ ဒါမှမဟုတ် အတိုက်အခံ အင်အားစုတွေအပေါ် ဩဇာရှိတဲ့ သက်ဆိုင်ရာအစိုးရတွေအနေနဲ့ တိုက်တွန်းသင့်တယ်” “မြန်မာပြည်က နစ်နာသူ ကလေးတွေ အားလုံးအတွက် ပြန်လည်ထူထောင်ရေးနဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ အလှူရှင်တွေက ဒေသခံအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်သင့်တယ်” လို့ Bauchner က တိုက်တွန်းထားပါသေးတယ်။

မူရင်းသတင်း – Myanmar: Stop Recruitment, Use of Child Soldiers

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။
Read More

မြန်မာ့အရေးအတွက် အကူအညီနှင့် ရန်ပုံငွေ ပိုမိုလိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တောင်းဆို

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီဟာ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ မြန်မာ့အကျပ်အတည်းအတွက် အကူအညီနဲ့ ရန်ပုံငွေတွေ ပိုမိုထောက်ပံ့ပေးကြဖို့ စက်တင်ဘာလ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။