မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

“ကျွန်တော်တို့ သီးခြားစီ ဆက်ဆံနေပါတယ်၊ ဒါပေမယ့် သူတို့ ဆွေးနွေးရမယ့် အချိန်ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ် … ပြောချင်တာက မြန်မာပြည်ကလူတွေက သူတို့ဘာသာ ဆုံးဖြတ်ရမှာပါ” လို့ အန်ဝါက ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ မလေးရှား အုပ်ချုပ်ရေး မြို့တော် Putrajaya မှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို အန်ဝါက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Reuters က ဒီ့အပေါ် မှတ်ချက်ပေးဖို့ ခေါ်ဆိုမှုတွေကို စစ်ကောင်စီအနေနဲ့ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံရပ်တည်ချက် ၆ ချက်ကို သဘောတူရင် စစ်တပ်နဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

“တကယ်လို့ အဲဒီအချက်တွေကို မြန်မာစစ်တပ်က သဘောတူတယ်ဆိုရင် အာဏာသိမ်းမှုကို ရပ်စဲပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် စစ်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာပါ” လို့ သူက ပြောပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတလျှောက် တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ မြန်မာစစ်တပ်ကတော့ အဲဒီအခြေအနေတွေကို လက်ခံဖို့ ခဲယဉ်းပါလိမ့်မယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ပြည်သူ ၃သန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်အုပ်စု အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း လူမျိုးစုတော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့အသစ်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို နယ်စပ်ဒေသတွေကနေ မောင်းထုတ်နိုင်ခဲ့သလို၊ မြန်မာပြည်အလယ်ပိုင်းဒေသ စစ်အုပ်စုရဲ့ အမာခံနယ်မြေတွေထိပါ စိုးမိုးလာနိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံက တာဝန်ရှိသူတွေက မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အချို့ဆီ ဆက်သွယ်မှုစတင်နေပြီဖြစ်ကြောင်း သံတမန်အရင်းအမြစ်က ပြောခဲ့တယ်လို့ Reuters ကဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက ဘန်ကောက်မှာ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ အန်ဝါတို့ တွေ့ဆုံမှုဟာ ငလျင်အပြီး မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဆိုတဲ့ခေါင်းစဥ်နဲ့ လူသိရှင်ကြား ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သိရှိသူတွေကတော့ အဲဒါကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အုတ်မြစ်ချဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုကြပါတယ်။

၎င်းရဲ့ ပဏာမခြေလှမ်းက လာမဲ့အပတ် ကွာလာလမ်ပူမှာ ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်မှာလည်း မြန်မာ့ပဋိပက္ခအရေး အဖွဲ့ဝင်တွေအကြား အာရုံစိုက်ဆွေးနွေးမှုတွေ လုပ်ဦးမှာဖြစ်ပါတယ်။

အန်ဝါကတော့ ၎င်းရဲ့တွန်းအားပေးမှုကို အာဆီယံရဲ့ “ထိတွေ့ဆက်ဆံမှုအတွက် ပထမဆုံး အလေးအနက်ထား ကြိုးပမ်းမှု”အဖြစ် ပုံဖော်ခဲ့ပြီး “ကျွန်တော်တို့အနေနဲ့ အဲဒီထက်ပိုလုပ်ဆောင်ရမှာဖြစ်တယ်” လို့ ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

“လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်ချက်က သူ့ဟာနဲ့သူ အရေးကြီးပါတယ်၊ ဒါပေမဲ့ အဲဒါ အောင်မြင်ဖို့ဆိုရင် အပစ်အခတ်ရပ်ဖို့လိုတယ်။ ယာယီအပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ အနာဂတ်လမ်းကြောင်းတွေကို ဖွင့်လှစ်ပေးပါလိမ့်မယ်လို့ အန်ဝါရဲ့ အကြံပေးအရာရှိဖြစ်သူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo က Reuters ကို ပြောပါတယ်။

NUG အနေနဲ့ကတော့ စစ်ခေါင်းဆောင်နဲ့ (တဖက်တည်း) ဆက်ဆံမှုမှန်သမျှကို သတိထားဖို့ တိုက်တွန်းပြီး ဘန်ကောက်မှာပြုလုပ်တဲ့ အန်ဝါနဲ့ မင်းအောင်လှိုင်တို့ရဲ့ ဆွေးနွေးပွဲကို အစောပိုင်းမှာ ဆန့်ကျင်ခဲ့ပါတယ်။

ဘန်ကောက်ဆွေးနွေးပွဲအပြီးမှာတော့ စစ်ကောင်စီက ငလျင်အပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေအတွက် ကနဦးသဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးခဲ့ပေမဲ့ ငလျင်ဒဏ်သင့်နေရာတွေအပါအဝင် လူအသေအပျောက်များတဲ့ စစ်ရေးပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်ခဲ့ပါတယ်။

အဲဒီလို စစ်တပ်ရဲ့ ဆက်လက်ထိုးစစ်ဆင်နေမှုအပေါ် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ဘယ်သူချိုးဖောက်ခဲ့လဲဆိုတာ မရှင်းလင်းဘူးလို့ ယခုအပတ်ထဲမှာ ပြောခဲ့ပါတယ်။

“အပစ်အခတ်ရပ်စဲရေးကို လူတိုင်းလေးစားပြီး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီရဲ့ အရေးပါမှုကို မြင်မယ်ဆိုရင် ဒါဟာ ဆွေးနွေးမှုတရပ်ဖြစ်လာဖို့ အဖွဲ့အားလုံးကို ဆွဲခေါ်နိုင်မဲ့ စမှတ်တစ်ခု ဖြစ်လာမှာပါ” လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow က မှတ်ချက်ပြုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ၎င်းရဲ့အာဏာတည်မြဲရေးအတွက် အတုအယောင်ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ရေး လက်ရှိမှာ အသဲအသန်ကြိုးပမ်းနေတာပါ။ အာဆီယံကလည်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ကျင်းပရမဲ့အစား ငြိမ်းချမ်းအောင် အရင်လုပ်ဖို့ အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

“တွေ့ဆုံဆွေးနွေးမှုက ရွေးကောက်ပွဲအတွက် အရေးကြီးပါတယ်၊ အဲဒါမရှိဘဲနဲ့ တရားဝင်မှုမရှိနိုင်ဘူး။ … ဒါပေမယ့် ရွေးကောက်ပွဲတခုဟာ ပဋိပက္ခရဲ့အဆုံးသတ် မဟုတ်ဘူးဆိုတာကိုလည်း သိမြင်နိုင်လောက်အောင် ကျွန်တော်တို့အနေနဲ့ လက်တွေ့ကျဖို့လိုပါတယ်” လို့ Sihasak က ပြောပါတယ်။
New- Reuters/ Photo-JakartaPost

0 Shares:
You May Also Like
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

တော်လှန်ရေးအဖွဲ့များက ဆီးရီးယားမြို့တော်ကို သိမ်းပိုက်ပြီး အာဏာရှင် အာဆက်အစိုးရကို ဖြုတ်ချ

ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။
Read More

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ တာဝန်တစ်ရပ်အ‌နေနဲ့ မြန်မာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော …

လာမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖွေနိုင်ရေး အားထုတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။ သမ္မတမားကို့စ်က မြန်မာ့အခြေအနေကို "အာဆီယံရဲ့ မပျောက်နိုင်သေးတဲ့ ဒဏ်ရာတရပ်" အဖြစ် ထောက်ပြပြောဆိုခဲ့ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒီကိစ္စကို အနီးကပ် အာရုံစိုက်နေရမည်ဖြစ်ကြောင်း၊ အခြေခံချဉ်းကပ်မှုက ထိတွေ့ဆက်ဆံရေးသာ ဖြစ်သင့်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ မလေးရှားသတင်းဌာန Bernama က အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။