မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက် စစ်အုပ်စုကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေမှာ အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင်တွေ၊ အမိန့်ပေးစေခိုင်းသူ အရာရှိတွေ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်သူ လေယာဉ်မှူးတွေ၊ အကြမ်းဖက် တပ်ဖွဲ့ဝင်တွေ၊ ပံ့ပိုးကူညီသူ အားပေးအားမြှောက်ပြုသူတွေနဲ့ သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေတဲ့ စစ်တပ်လော်ဘီတွေအားလုံးကို ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ တရားမျှတမှုဖော်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ အဆိုပါ တိုက်ခိုက်မှုတွေအတွင်း ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်​ကနေ ပြီးခဲ့တဲ့ မေလ (၁၂) ရက်အထိ အကြမ်းဖက်စစ်အုပ်စုဟာ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် (၁၃) ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၂,၆၇၉ ခု ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၃,၀၄၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ယောက် ပါဝင်ပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း (၂၄၀) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၆) ခုနဲ့ ဘာသာရေးအဆောက်အဦး (၄၃၅) ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လေတပ်ဟာ မေလ (၁၂) ရက် မနက်ပိုင်းက ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူကျောင်းသား အယောက် (၂၀) နဲ့ ဆရာမ (၂) ယောက် နေရာမှာပဲ သေဆုံးခဲ့ပြီး အယောက် (၁၀၀) ကျော် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးဝါးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲက မေလ (၁၃) ရက်မှာ ကျောင်းသား ၁ ယောက်၊ မေလ (၁၄) ရက်မှာ ကျောင်းသူတစ်ယောက် ထပ်မံသေဆုံးခဲ့ပြီး ပညာသင်ကြားနေရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေ၊ ဆရာ၊ ဆရာမ တွေနဲ့ ကျန်ရစ်သူမိသားစုတွေအားလုံးအတွက် များစွာဝမ်းနည်းနာကျင်ရကြောင်း NUG က ဆိုပါတယ်။

မေလ (၁၃) ရက်ကလည်း အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ်၊ ထွန်းရဝေကျေးရွာ (ဟောင်း)ကို လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ကလေးငယ်တွေနဲ့ မိခင်တွေအပါအဝင် ပြည်သူ (၁၂) ယောက် သေဆုံးပြီး (၂၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ (၁၂) ရက်နဲ့ (၁၃) ရက်တွေမှာလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့၊ မိုင်းငေါ့မြို့နဲ့ နောင်ချိုမြို့၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့ ၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ရွှေဘိုမြို့က ကျေးရွာ(၂)ရွာ ၊ ပဲခူးတိုင်း ရွှေကျင်မြို့ စတဲ့နေရာတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေး ဟန်ပြထုတ်ပြန်ထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေတဲ့အပြင် အဆိုပါ စစ်ရာဇဝတ်မှုတွေ မကျူးလွန်ကြောင်းကိုလည်း အကြမ်းဖက်စစ်တပ်ရဲ့ မီဒီယာတွေ ဖြစ်တဲ့ MRTV, MWD တို့ကတဆင့် ဗြောင်ကျကျ ငြင်းဆန်တဲ့ သတင်းမှားတွေ ထုတ်လွှင့်နေပြီး စစ်တပ်လော်ဘီများစွာကို ငွေပေးအသုံးပြုကာ သတင်းတုတွေ၊ ပုံဖျက်ထားတဲ့ အချက်အလက်တွေ ဖြန့်ချိပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ NUG က ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လိမ်ညာဝါဒဖြန့်နေမှုတွေကို အမှန်အတိုင်းသိမြင်ကာ စစ်အုပ်စုရဲ့ ရာဇဝတ်မှု ကျူးလွန်နေမှုတွေ ရပ်တန့်စေရေးအတွက် လက်တွေ့ကျတဲ့ အရေးယူ ဖိအားပေးဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ NUG က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ရေးပြအခမ်းအနားမှ မင်းအောင်လှိုင်နှင့် ဒီပဲယင်း၊ ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ပိုမိုအားကောင်းသည့် တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းနေပြီး ဖက်ဒရယ်ယူနစ်များ အားကောင်းခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း NUG ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အပြောင်းအလဲတချို့ လုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ငန်းစဥ်တစ်ခုအနေနဲ့ လုပ်ဆောင်ကာ မိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရန်ကုန် ပြန်လာချင်တဲ့ ရဲဘော်လူငယ်တွေရဲ့ လမ်းခရီးမှာ လက်နက်တပ်ဆင်ပေးဖို့ မျှော်လင့်ခြင်း ရန်ကုန်

ရန်ကုန်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ ရဲဘော်တွေကို လက်နက်​ပြည့် တပ်ဆင်ပေးနိုင်ဖို့ မျှော်လင့်ခြင်း ရန်ကုန်ဆိုတဲ့ ကမ်ပိန်းလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

ရွေးကောက်ပွဲဇာတ်လမ်းနှင့် သရုပ်ဆောင်များကို ဝေဖန်မှုဖြင့် ဒါရိုက်တာမိုက်တီး အပါအဝင် အနုပညာရှင် ၃ဦးကို စစ်ကော်မရှင် ဖမ်းဆီးထား

ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တယ်ဆိုပြီး ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၉ရက် ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။