စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ MOGE နဲ့ ၎င်းတို့ရဲ့ မိတ်ဖက်များနဲ့ ဆွစ်ဘဏ္ဍာရေးစနစ်ကို အသုံးပြုနိုင်ဖို့ ခွင့်ပြုပေးထားတဲ့ ဆွစ်ကုမ္ပဏီများအား မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်ခွင့်ရှိသည့် ကယ်ပေါက်တစ်ခုကို ဖန်တီးပေးထားတယ်လို့ JFM က ဆိုပါတယ်။
ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍဟာ စစ်အုပ်စုအတွက် အကြီးဆုံးသောနိုင်ငံခြားဝင်ငွေရင်းမြစ် ဖြစ်ပါတယ်။ ရေနံနှင့်သဘာဝဓါတ်ငွေ့ဝင်ငွေများကို စစ်အုပ်စု ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် လိုအပ်တဲ့ စစ်လက်နက်များ၊ လေယာဉ်ဆီများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူရာတွင် အသုံးပြုလျက်ရှိတာဖြစ်ပါတယ်။
စစ်အုပ်စု၏ အချက်အလက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုများသည် ၂၀၂၃ ခုနှစ် ပထမသုံးလမှ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့ပါတယ်။
ဆွစ်ဘဏ်တွေဟာ မြန်မာနိုင်ငံပိုင်ဘဏ်များနဲ့ သမိုင်းစဉ်လာဆက်နွှယ်မှုများ ရှိခဲ့ပါတယ် ။ ၂၀၁၈ ခုနှစ်အစီရင်ခံစာတွင် MOGE က နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုတဲ့ လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်သည် ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲဘဏ်စနစ်ဆက်ဆံရေးတွေ ရှိခဲ့ဖူးပါတယ်။

မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ဆွစ်ဇာလန်အာမခံလုပ်ငန်းတို့ ချိတ်ဆက်မှုများလည်း ရှိခဲ့ပါတယ်။ ဆွစ်ဇာလန်အခြေစိုက် Infrassure ကုမ္ပဏီဟာ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းအတွက် ပြန်လည်အာမခံသူအဖြစ် ၂၀၁၁ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရပါတယ်။
လွတ်လပ်စွာ သတင်းအချက်အလက် တောင်းဆိုခွင့်မှတဆင့် ရရှိတဲ့ အချက်အလက်များအရ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု မချမှတ်ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်ဟာ ရေနံနှင့်သဘာဝဓါတ်ငွေ့တွင်းများ ပိတ်သိမ်းခြင်းအတွက် အီးယူဒဏ်ခတ်ပိတ်ဆို့မှုများရှိ အခွင့်အာဏာရုပ်သိမ်းမှုအား အကောင်အထည်ဖော်ရန် ဆွစ်ဥပဒေအား ပြင်ဆင်ရန်လိုအပ်မှုကို ရှောင်ရှားရန်ဖြစ်တယ်လို့ ကနဦး သိရှိထားရပါတယ်။
ဆွစ်အစိုးရအနေဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့တွင်းများ ပိတ်သိမ်းခြင်းအတွက် အခွင့်အာဏာ ရုပ်သိမ်းရန် MOGE အား ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ဥပဒေအား ပြင်ဆင်နိုင်ခြင်း၊ သို့မဟုတ်လျှင်လည်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၈၄ အရ MOGE အား အလုံးစုံဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် အီးယူဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းတို့ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
စီးပွားရေးရာအစိုးရအတွင်းဝန်ရုံး (SECO) ဟာ ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော် အရေးယူလုပ်ဆောင်ရန်အတွက် တာဝန်ရှိပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို အကောင်အထည်ဖော်ခဲ့သော်လည်း MOGE အပေါ် အီးယူအရေးယူမှုကိုသာ တစ်ခုတည်းသော ချွင်းချက်အဖြစ် ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
“ဆွစ်ဇာလန်အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သင့်ပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်သင့်ပါတယ်။စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးကလည်း ပိုလို့သာ ပြင်းထန်လာခဲ့ပြီး၊ ဒီအကြမ်းဖက်စစ်ဆင်ရေးတွေကို ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍက ငွေကြေး ဖြည့်ဆည်းထောက်ပံ့နေတာ ဖြစ်ပါတယ်။စစ်အုပ်စုက လူတွေအစုလိုက်အပြုံလိုက်သတ်ဖို့၊ လူပေါင်း ၃.၅ သန်းကျော် နေရပ်စွန့်ခွာစေခဲ့တဲ့ သူ့တို့ရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်ဖို့၊ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီးကျူးလွန်ဖို့ လိုအပ်တဲ့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူဖို့ ဓါတ်ငွေ့ဝင်ငွေတွေကို အသုံးပြုနေပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။