အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့  လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့  စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အတူ  တရားခံစာရင်းမှာ ထည့်သွင်းထားတာကြောင့်၊ ဖမ်းဝရမ်း ထုတ်ခြင်းကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်တို့ဟာ ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး  ရေရှည်ငြိမ်းချမ်းပြေလည်မယ့် အဖြေရရှိစေဖို့ “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများဖြစ်လို့ ၎င်းတို့ကို ဖမ်း၀ရမ်းကနေ ဖယ်ရှားပေးဖို့  အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနဲ့ ပတ်သက်တဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာများအပေါ် နည်းလမ်းမျိုးစုံ အသုံးပြုပြီး  အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဟာ  မြန်မာစစ်တပ်ခေါင်းဆောင်များနဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်တယ်လို့ NUG ကဆိုပါတယ်။

ဒါ့ကြောင့် ပြစ်မှုများနဲ့ လျော်ညီတဲ့  ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိ စေရေးအတွက် နိုင်ငံတကာတရားရုံးများမှာ တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုထောက်ခံတယ်လို့ လည်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့  ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့  ရိုဟင်ဂျာများအပေါ်  အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဟာ ယင်းအချိန်ကာလက တရားဝင် ကျင့်သုံးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀ (ခ)၊ (ဂ) အရ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်သာ ဖြစ်တယ်လို့ NUG က အသိပေးပါတယ်။

ကျူးလွန်ခဲ့တဲ့  ပြစ်မှု၊ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမယ့်သူတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများသာဖြစ်လို့ အမြန်ဆုံးဖမ်းဆီးအရေးယူသွားနိုင်ဖို့လည်း မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ “ရိုဟင်ဂျာမူဝါဒ” တရပ် ပြဌာန်းပြီး ရိုဟင်ဂျာပြည်သူများ တရားမျှတမှု ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိတယ် လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့်  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးတွင် မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းကို ပယ်ဖျက်ဖို့ တိုက်တွန်းတောင်းဆိုတယ်လို့ ဆိုပါတယ်။

အခုလို စစ်အာဏာရှင်တွေနဲ့ အတူ တရားစွဲဆိုတဲ့ စာရင်းမှာပါဝင်လာခြင်းဟာ  ရိုဟင်ဂျာပြည်သူလူထုနဲ့ အခြားပြည်သူလူထုများအကြား နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီးရေရှည်ငြိမ်းချမ်းရေး သင့်မြတ်ရေးနဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်းအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း NUG ကဆိုပါတယ်။

လူထုခေါင်းဆောင်နဲ့ သမ္မတဟောင်းကို အခုလို ဖမ်း၀ရမ်းစာရင်းထဲထည့်သွင်းခြင်းဟာ  စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် လုပ်ဆောင်နေတဲ့  နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး အကြမ်းဖက်စစ်အာဏာရှင်များကိုသာ အကျိုးရှိစေလို့ အမြန်ဆုံးပယ်ဖျက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းတောင်းဆိုတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လက်ရှိအာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့စာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ပါ ပါဝင်လာတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ မှာ ထုတ်ပြန်ပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ အရပ်သား ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK ရဲ့တောင်းဆိုချက်ကို တရားရုံးက လက်မခံဘဲ ဝရမ်းထဲထည့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဇွန်လမှာ အာဂျင်တီးနားအမှုလိုက်ရှေ့နေက အရပ်သားခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထဲထည့်သွင်းဖို့လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

BROUK ရဲ့ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦး နဲ့ အရပ်သား ၃ ဦး ဖမ်း၀ရမ်းထုတ်မှုမှာ ပါဝင်လာခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

သီပေါနဲ့ လားရှိုးကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံက နောင်ဝိုးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေး PDF က ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်ဝိုးကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်၊ မင်းလှမှာ စစ်ကောင်စီတပ် ကား ၂ စီးကို တိုင်း ပကဖ က ​အနီးကပ် ခြုံခိုတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။