ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီဘက်ကရော MNDAA ဘက်ကပါ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးသလို သဘောတူညီချက်စာချုပ်မှာ ဘယ်လိုအချက်တွေ ပါဝင်နေတယ်ဆိုတာကို ဘယ်သူမှ မသိရှိရသေးပါဘူး။
နိုင်ငံရေးလေ့လားသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလို MNDAA နဲ့ စစ်တပ် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်တယ်ဆိုတာက အမှန်တကယ်ဖြစ်နိုင်ပြီး တော်လှန်ရေးမှာ MNDAA ရဲ့ အခန်းကဏ္ဍဟာ တစ်ခန်းရပ်သွားပြီလို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။
“အဘက်ဘက်က သတင်းတွေကို ကြည့်ရှုလိုက်ရင် သဘောတူလိုက်တာဟာ မှန်ကန်ပုံရပါတယ်၊ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေ မထုတ်ပြန်တဲ့အတွက် တရားဝင်သတင်း မထုတ်ပြန်သေးမချင်းတော့ မှန်သလား…. မှားသလား လားရှိုးကနေ ကိုးကန့်တပ်တွေ ဆုတ်မဆုတ်ဆိုတာကို ပြောဖို့ခက်ပါတယ်” လို့ ဦးသန်းစိုးနိုင်က မောင်းကို ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ စစ်တပ်ထောက်ခံသူတွေက MNDAA ဟာ ၃လအတွင်း လားရှိုးကနေ သူတို့တပ်တွေကို ဖယ်ပေးရမယ်ဆိုလို့ သဘောဆောင်တဲ့ မှတ်ချက်တွေကို ရေးသားပြောဆိုနေကြတာပါ။

သိသာထင်ရှားတဲ့ အချက်တစ်ချက်ကတော့ သဘောတူညီမှု ရယူပြီးသွားပြီလို့ တရုတ်ဘက်ကနေ ထုတ်ပြောလိုက်ချိန်မှာပဲ တရုတ်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
မြန်မာ – တရုတ်နယ်စပ်ဖြစ်တဲ့ ချင်းရွှေဟော်မြို့က ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်နဲ့ လောက်ကိုင်က ရန်လုံကျိုင်း နယ်စပ်ဂိတ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းစတင်တဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကတည်းက ကုန်သွယ်ရေး ရပ်ခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပါ။
ဦးသန်းစိုးနိုင်က “၁၀၂၇ ပေါ်လာတဲ့အချိန်မှာ တရုတ်ကလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် ဒီအင်အားစုကြီးကို ကြိုးဖြေလွှတ်ပေးလိုက်တဲ့ သဘောပါ…ဒါပေမယ့် ညီနှောင် သုံးဖော်ရဲ့ တိုက်ပွဲအရှိန်အဟုန်က မြင့်မားပြီးတော့ အချိန်တိုအတွင်းမှာ ရမခတပ်ကြီးရှုံးသွားတဲ့ အဆင့်ထိ ရောက်သွားတာပေါ့ဗျာ၊ တရုတ်ကလည်း အဲ့လောက်ထိ ဖြစ်မယ်တော့ မထင်ဘူးပေါ့၊ ကိုးကန့်ဒေသဆိုတာဟာ မြန်မာပြည်ရဲ့ အရှေ့ဖျားက နယ်လေးပေါ့.. ဒါပေမယ့် ၁၀၂၇ ကနေ လားရှိုးထိ ကျယ်ပြန့်သွားတယ်၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးကို သိမ်းပိုက်တဲ့အထိ ရောက်သွားတယ်၊ လားရှိုးသိမ်းတာနဲ့ ပတ်သက်ပြီးတော့ တရုတ်က အသိအမှတ်မပြုပါဘူး၊ အဲ့ဒေသအခြေအနေတွေကို နားလည်တဲ့ သဘောပေါက်တဲ့ သူတွေရဲ့ ပြောဆိုချက်အရဆိုရင်တော့ ကိုးကန့်ရဲ့ လူမှုရေးလှုပ်ရှားမှု၊ စီးပွားဆက်ဆံမှုတွေက တရုတ်နဲ့ နီးကပ်စွာဆက်ဆံနေရတဲ့အတွက် တရုတ်က ဖြတ် ၅ဖြတ်တွေ လုပ်လာရင် သူတို့ဒေသတည်ငြိမ်တည်ရှိရေးအတွက် ရှင်သန်ရေးအတွက် တရုတ်အလိုကျ စစ်ပွဲရပ်ပေးရတာဖြစ်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။
MNDAA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ (၁၀၂၇ ဒုတိယလှိုင်းအတွင်း) မှာ လားရှိုးမြို့အပါအဝင် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့အနက် ရမခ ဟာ တော်လှန်ရေးကာလအတွင်း ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်ပါတယ်။
အခုလိုမျိုး MNDAA နဲ့ စစ်တပ်တို့ကြား အပစ်အခတ် ရပ်စဲလိုက်ရတာမှာ ဖိအားအမျိုးမျိုးနဲ့ အကြောင်းအရင်းများစွာ ရှိနိုင်ပေမယ့် MNDAA ရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်က ဆေးကုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာပြည်ခွင့်မပေးဘဲ တရုတ်ကနေ ဖမ်းဆီးထားကာ ဖိအားပေးတယ်လို့ သုံးသပ်သူတချို့လည်း ရှိနေပါတယ်။

အဲဒီအပေါ်မှာလည်း ဦးသန်းစိုးနိုင်က “သူတို့က မြန်မာနိုင်ငံသားရော… တရုတ်နိုင်ငံသားအဖြစ်ပါ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေပါ၊ တရုတ်အစိုးရကလည်း သူ့ကို အချိန်မရွေးဖမ်းလို့ရတယ် ခေါ်လို့ရတယ် လွှတ်ဖမ်းလို့လည်းရတယ် ပြီးတော့ ဒီကိစ္စကို တရုတ်ဘက်ကလည်း ငြင်းထားပါတယ်၊ အဲ့တော့ ဖမ်းသည်ဖြစ်စေ မဖမ်းသည်ဖြစ်စေ တရုတ်အစိုးရအတွက်က အရေးမကြီးသလို ဖမ်းလည်းရတယ်… မဖမ်းလည်းရတဲ့ အခြေအနေဖြစ်တယ်” လို့ သုံးသပ်ပါတယ်။
ညီနောင် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးမီးတောက်ကို အရှိန်အဟုန် မြင့်တက်စေခဲ့ပြီး စစ်ကောင်စီအတွက် များစွာသော စစ်အင်အားတွေ စစ်လက်နက်တွေ ဆုံးရှုံးအထိနာခဲ့တာကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ မျက်မြင်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။
“AA တို့၊ TNLA တို့လို အဖွဲ့အစည်းတွေအနေနဲ့ကတော့ တရုတ်နယ်စပ်မှာ ရှိတာလည်း မဟုတ်တဲ့အတွက် သူထိန်းချုပ်လို့လည်း မရပါဘူး၊ ပြောလည်း လက်ခံချင်မှ လက်ခံမှာပေါ့ဗျာ… အဲ့လို အခြေအနေဆိုတော့ နွေဦးတော်လှန်ရေးမှာ MNDAA ရဲ့ ပါဝင်မှု အခန်း အဆုံးသတ်သွားပြီလို့ ယူဆပါတယ်၊ ဒါပေမယ့် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကိုတော့ ဘာမှ တားဆီးဟန့်တားနိုင်တဲ့ အခြေအနေမရှိပါဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုခဲ့ပါတယ်။