ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုဖွဲ့မှုဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေဟာ စုစည်းတည်ထောင်ချိန် ၁နှစ်အတွင်းမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖလမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေးကို CDF – ကန်ပက်လက်နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာတော့ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့မှာ ကျင်ဒွေးမြို့ကို အလုံးစုံး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ချင်းညီနောင်တပ်ဖွဲ့တွေဟာ မတူပီမြို့ စစ်ဆင်ရေးကိုလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ခမရ-၃၀၄ တပ်ရင်းကို ကနဦး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်နေ့မှာတော့ ခလရ- ၁၄၀ တပ်ရင်း၊ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီဗျူဟာကုန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

“အဲဒီတိုက်ပွဲမှာ ဟောင်ဝစ်ဇာ အမြောက်အပါအဝင်ပေါ့…၁၄.၅ ZPU လေယာဉ်ပစ် စက်သေနတ်ကြီးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ကျနော်တို့ သိမ်းဆည်းနိုင်ရမိခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်” လို့ ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ က ချင်းညီနောင် တစ်နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ပါတယ်။ 

အဲဒီနောက်မှာ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်‌နေ့မှာ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃ ယောက် လက်နက်ချ အညံ့ခံခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ခလရ-၂၇၄ တပ်ရင်း ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စတင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မြို့ကို စွန့်ခွာ ထွက်ပြေးကုန်တာကြောင့် ချင်းညီနောင်အနေနဲ့ သေနတ်ပစ်ဖောက်ခြင်းတောင် မပြုရဘဲ မြို့ကို သိမ်းနိုင်ခဲ့တာပါ။ 

“ကန်ပက်လက်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ အစီအမံအနေနဲ့ မင်းတပ်မြို့သိမ်းနဲ့ တပြိုင်တည်းမှာ စဖို့တော့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်….ဒါကြောင့် မင်းတပ်မြို့သိမ်းပြီးတဲ့ အချိန်မှာ ချက်ချင်း ကျွန်တော်တို့ စဖို့ လုပ်ခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့ကို ကျနော်တို့ ချင်းညီနောင်နဲ့ မဟာမိတ်တွေက ရယူပြီးတဲ့အခါမှာ ကြောက်ရွံ့ပြီးတော့ သူတို့ မြို့ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့် ကျနော်တို့က သေနတ်ဖောက်စရာမလိုဘဲ ကန်ပက်လက်မြို့ကြီးတစ်ခုလုံးကို ထိန်းသိမ်းပြီးတော့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်” ဆလိုင်းထန်းချွန်းဖေ က ဆိုပါတယ်။ 

လက်ရှိမှာတော့ ချင်းညီနောင်တပ်ဖွဲ့တွေက နိုင်ဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ဖလမ်းမြို့တွင်းမှာရှိတဲ့ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနဲ့ တခြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ ခလရ (၂၆၈) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိနေတာပါ။ 

“မကြာခင်မှာတော့ ကျနော်တို့ လက်ထဲကို ဖလမ်းမြို့ကို ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းညီနောင်အဖွဲ့ထဲမှာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပူးပေါင်းပါဝင်ထားတာ ဖြစ်ပါတယ်။

အရှိန်ကောင်းကောင်းနဲ့ တစ်မြို့ပြီး တစ်မြို့ကို အောင်မြင်စွာ သိမ်းပိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ရဲဘော်တွေဟာ တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မကပဲ မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်းကို ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ထန်းချွန်းဖေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့သလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် ချင်းညီနောင်အနေနဲ့ ချင်းပြည် ပြန်လည်ပေါင်းစည်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းနေကြောင်းလည်း ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်အခမ်းအနားမှာ တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အခြေစိုက်စခန်း ၃၅၀ ကျော် လက်လွှတ်ဆုတ်ခွာထားရ

စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၃၅၀ ကျော်လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်ပါတယ်။ 
Read More

အလင်းဝင် သတင်းတုများဖြန့်၊ ဖုန်းမက်ဆေ့ချ်များ ပို့ကာ တော်လှန်ရေးကို သွေးခွဲဖို့ စစ်ကောင်စီ ကြိုးစားပေမယ့် ထိရောက်မှု မရှိ

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက PDF နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေ နိုင်ငံ့အကျိုးလက်တွဲဖော်ဆောင်ဖို့ဆိုတဲ့ အလိုအလျောက် မက်ဆေ့စာတိုတွေကို ဖုန်းအော်ပရေတာတွေကတဆင့် ပေးပို့နေတာ တွေ့ရပါတယ်။
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
Read More

စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ

စစ်ကောင်စီဟာ ၄င်းတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေက ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်။