ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းမှာ စစ်မှုထမ်းဖို့ စာရင်းပါနေတဲ့ လူငယ်တစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာခေါ်ခဲ့ကြပါတယ်။

ပြည်သူကို လူမဆန်စွာ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ထဲမှာ ဘယ်သူကမှ တာဝန်မထမ်းချင်ကြပါဘူး။ တောင်ဒဂုံ ၅၄ ရပ်ကွက်က အဲဒီလူငယ်လည်း စစ်မှုမထမ်းချင်တဲ့အတွက် တိမ်းရှောင်နေခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ လာခေါ်ချိန်မှာ အဲဒီလူငယ်ရှိမနေပေမယ့် သူ့ရဲ့ အစ်ကိုကတော့ ဘုန်းကြီးဝတ်နဲ့ ရှိနေခဲ့ပါတယ်။ စစ်သင်တန်းကို လူပို့ဖို့ မရရတဲ့လူ ဆွဲခေါ်မယ်ဆိုတဲ့ စစ်ကောင်စီတပ်သားတွေက ဘုန်းကြီးဝတ်နေတာ တစ်နှစ်လောက်ရှိပြီဖြစ်တဲ့ အစ်ကိုဖြစ်သူကို သင်္ကန်းချွတ်၊ လူဝတ်လဲပေးပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ လက်ထိပ်တောင် ခတ်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ယောက်က ပြောပါတယ်။

ဒီလိုမျိုး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဦးဆောင်ခေါ်လာတဲ့ တောင်ဒဂုံ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကတော့ အမျိုးသားရေးအစွန်းရောက်အဖွဲ့ဖွဲ့ကာ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူ၊ တော်လှန်ပြည်သူတွေအပေါ် ဖိနှိပ်လေ့ရှိသူ သီဟမျိုးနိုင် (ခေါ်) နိုင်ဒဂုံ ဖြစ်ပါတယ်။

သီဟမျိုးနိုင် (နိုင်ဒဂုံ) ဟာ စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်ကတည်းက တောင်ဒဂုံမှာ ဘာသာရေးအကြောင်းပြပြီး ဆူပူမှုဖန်တီးခဲ့တာကြောင့် နာမည်ကျော် လူဆိုး မိုက်ကယ်ကျော်မြင့်နဲ့အတူ ၂ဝ၁၉ ခုနှစ်မှာ တရားစွဲခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂ဝ၂၂ ခုနှစ်ကလည်း မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ရဲ့ မိဘနှစ်ပါးကို တောင်ဒဂုံမှာ သတ်ခဲ့ပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အဖေ ခေါ်ခဲ့သူဖြစ်ကြောင်း၊ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ လူတွင်ကျယ်လုပ်နေသူဖြစ်ကြောင်း၊ စစ်တပ်အလိုကျ ဘာသာရေး လူမျိုးရေး ပဋိပက္ခ မီးမွှေးခဲ့သူဖြစ်ကြောင်း၊ လူသတ်မှု၊ လိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြောင်း၊ ကိုယ်ကျိုးအတွက် လူသတ်ဖို့ ဝန်မလေးကြောင်း ခေတ်သစ်သတင်းဌာနက ၂၀၂၃ ခုနှစ်မှာ ဖော်ထုတ်ရေးသားထားပါတယ်။

သီဟမျိုးနိုင် (ခေါ်) နိုင်ဒဂုံဟာ အရေခြုံ မဘသ ဘုန်းကြီး သုစိတ္တရဲ့ တပည့်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အထက်ပါ ရာဇဝတ်မှုများစွာ ကျူးလွန်ထားသူ မိုက်ကယ်ကျော်မြင့်ရဲ့ အကပ်နဲ့ တောင်ဒဂုံမှာ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့တာပါ။

၂ဝ၂၁ ခုနှစ် အာဏာသိမ်းခါစ အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံး တိုင်းနဲ့ပြည်နယ်အနှံ့ ဆန္ဒပြ ဆန့်ကျင်နေကြချိန်မှာ စစ်တပ်ထောက်ခံသူတွေဟာ လက်သည်းဖွက် ပုန်းအောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မမြသွဲ့သွဲ့ခိုင်ကို စစ်တပ်က ကျည်အစစ်နဲ့ ပစ်သတ်ပြီးတဲ့နောက် နိုင်ငံအနှံ့ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ချေမှုန်းခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ဆန္ဒပြ ပြည်သူတွေကို ရန်သူသဖွယ် ချေမှုန်းပစ်လိုက်ပြီးတဲ့နောက် သူတို့ရဲ့ စစ်အုပ်ချုပ်ရေးယန္တရားကို အလျင်အမြန် အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ စစ်တပ်ထောက်ခံသူတွေဟာ ဖွက်ထားတဲ့ အစွယ်တွေ၊ လက်သည်းတွေ ထုတ်ရင်း စစ်ကောင်စီ ထောက်တိုင်တွေအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

စစ်တပ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်ချသလို ရပ်ရွာထဲက NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေကို လိုက်လံဖမ်းဆီးရင်း လစ်လပ်သွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာတွေမှာ စစ်တပ်သြဇာခံ အစွန်းရောက် အမျိုးသားရေးသမားတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။ ဒီလို အခွင့်အရေးကို စောင့်ဆိုင်းနေသူတွေမှာ သီဟမျိုးနိုင် (ခေါ်) နိုင်ဒဂုံ လည်း ပါဝင်ခဲ့ပါတယ်။

“သူ ဥက္ကဌလုပ်မယ်ဆိုတော့ သူ့အကြောင်းသိတဲ့သူတွေက ရုံးရှေ့မှာ ဆန္ဒသွားပြကြတယ်။ ဒါကို သူက မှတ်ထားပြီး ဖမ်းတာ ဆီးတာ ရုံးထဲခေါ်ရိုက်တာတွေတောင် လုပ်ခဲ့တယ်” လို့ ဖြစ်စဉ်ကို သိရှိသူ ပြည်သူတစ်ယောက်က မောင်းကို ပြောပြပါတယ်။

သီဟမျိုးနိုင်က အုပ်ချုပ်ရေးမှူး ရာထူးရပြီးတဲ့နောက် တောင်ဒဂုံ ၅၄ ရပ်ကွက်နေ NLD အစိုးရအဖွဲ့ဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို ပစ်မှတ်ထားဖမ်းဆီးရင်း အင်အားသုံးချေမှုန်းတဲ့ ပုံစံဖြစ်အောင် လူဆိုးလူမိုက်၊ ခိုးဆိုးလုနှိုက်တွေကိုလည်း လက်သပ်မွေးထားခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလ ၂၉ရက်နေ့က ၅၄ ရပ်ကွက်ရုံးကို လူတချို့က မီးရှို့ဖျက်ဆီးပြီးတဲ့နောက် သီဟမျိုးနိုင်ကို စစ်ကောင်စီက အခွင့်အရေးပိုပေးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေကြား စိတ်သောကရောက်စရာတွေပဲ ကြုံခဲ့ရတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်ခဲ့ဖူးသူတချို့က ပြောပါတယ်။

“သီဟမျိုးနိုင် လက်ထက်မှာ စစ်တပ်က ရပ်ကွက်ကို တောင်ဒဂုံမြို့နယ်ရဲ့ စံပြရပ်ကွက်ဆုတောင် ပေးတယ်လို့ ကြားတယ်။ ဟုတ်မှာပေါ့။ သူ့ရုံးရှေ့ ဖြတ်လျှောက်လို့ မသင်္ကာရင်တောင် ခေါ်ရိုက်တယ်လေ။ ရပ်ကွက်ထဲ အိမ်တိုင်း ကင်းစောင့်ရတယ်။ မစောင့်နိုင်ရင် လူငှားခိုင်းတယ်။ သူကိုယ်တိုင် စစ်တပ်နဲ့ ရဲနဲ့ ရပ်ကွက်ကို ကင်းလှည့်တယ်။ သူသေမှာတော့ အရမ်းကြောက်တာ” လို့ ရပ်ကွက်မှာ နေထိုင်ဖူးသူတစ်ယောက်က ပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတဲ့နောက်ပိုင်းမှာလည်း သီဟမျိုးနိုင်က ရပ်ကွက်နေပြည်သူတွေကို ခေါ်ပြီး စစ်မှုထမ်းအတွက် မဲနှိုက်မှာမဟုတ်ကြောင်း၊ အိမ်ရှိ အမျိုးသားအားလုံး စစ်မှုထမ်းရမှာဖြစ်ကြောင်း၊ လာဘ်ထိုးလို့မရကြောင်း ကြွေးကြော်ပြောဆိုခဲ့ဖူးတယ်လို့ စစ်မှုထမ်းရှောင် လူငယ်တစ်ယောက်က မောင်းကို ပြောပါတယ်။ လက်တွေ့မှာလည်း ရပ်ကွက်အတွင်း ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို စစ်တပ်နဲ့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်ကာ စစ်တပ်ထဲ ဆွဲသွင်းနေတယ်လို့ အဲဒီလူငယ်က ဆိုပါတယ်။

“တောင်ဒဂုံမှာ ၅၄ က အဆိုးဆုံးပဲ။ တခြားရပ်ကွက်က အုပ်ကြီးတွေတောင် သူ့လောက် လုပ်ပိုင်ခွင့်မရဘူး။ မသင်္ကာရင်တောင် ခေါ်ပြီးရိုက်နှက်တာ။ သူသေမှာကျ ကြောက်လို့ လုံခြုံရေးအပြည့်နဲ့ပဲ အပြင်ထွက်တာ” လို့ အကြောင်းသိ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။

သီဟမျိုးနိုင် (ခေါ်) နိုင်ဒဂုံဟာ အာဏာမသိမ်းခင် ကာလတွေကတည်းက ဝီရသူ၊ သုစိတ္တ၊ ခင်ရီ၊ အေးနေဝင်း၊ စရဖ သန့်ဇင်ကျော်၊ ဘူးလက်လှဆွေ၊ မိုက်ကယ်ကျော်မြင့်၊ ခင်ဝိုင်းကြည်၊ မောင်မြင့် စတဲ့ မဘသ ဇာတ်ကောင်တွေနဲ့အတူ စစ်တပ်ထောက်ခံပွဲ၊ ပုဒ်မ ၅၉(စ) ထောက်ခံပွဲ၊ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးနဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဖြုတ်ချရေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း စစ်ရှုံးကောင်စီအတွက် တပ်မတော်ထောက်ခံပွဲ၊ MNDAA ရှုတ်ချပွဲ စတဲ့ လုပ်ရပ်တွေကို စစ်တပ်အလိုကျ အားကြိုးမာန်တက် လုပ်ဆောင်နေသူပါ။

သီဟမျိုးနိုင် (ခေါ်) နိုင်ဒဂုံ ဟာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆိုးသွမ်းတဲ့ အုပ်ချုပ်ရေးမှူး များစွာထဲကမှ ‘တော်တော်ဆိုးတဲ့ အုပ်ကြီး’ လို့ မှတ်ချက်ပြုရမှာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ပါ ရင်ဆိုင်နေရတဲ့ နွေဦးတော်လှန်ရေး

ဒီရက်ပိုင်းအတွင်း ကိုးကန့်တပ်မတော် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားပြီး မြန်မာပြည်တွင်း ရှမ်းမြောက်ဒေသက စစ်ရေးအခြေအနေတွေကို ဖိအားပေးသလို ကိုးကန့်တပ်တွေလည်း လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေကြပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒီသတင်းတွေနဲ့…
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ် (ဒုတိယပိုင်း)

မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံခေါ်သွားမယ့် ပွဲစားက စစ်တပ်ထဲရောင်းစားခဲ့လို့ ပြန်ထွက်ပြေးလာရသူ

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အပြစ်မဲ့ပြည်သူတွေကို ရရာနည်းလမ်းသုံးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေမှုမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လူအရောင်းအဝယ် လုပ်ကာ စုဆောင်းနေတာတွေလည်း ရှိနေပါတယ်။
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။