အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ သတ်မှတ်တာကြောင့် ဖမ်းဝရမ်းကို လျှောက်ထားတာဖြစ်ကြောင်း ICC ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ဖမ်းဝရမ်းလျှောက်ထားမှုကြောင့် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အရှေ့တောင်အာရှမှာ ICC တရားရုံးကနေ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံရတဲ့ ပထမဆုံးသော ဝရမ်းပြေး အလောင်းအလျာ ဖြစ်လာခဲ့ပါတယ်။
ICC ဆိုတာဘာလဲ
=============
International Criminal Court (ICC) ဆိုတာဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ နယ်မြေကျူးကျော်ရန်လိုမှုတွေ စတဲ့ပြစ်မှုတွေကို လူတစ်ဦးတစ်ယောက်က ကျူးလွန်တဲ့အခါ ကျူးလွန်သူကိုပဲ အမှုစီရင်တဲ့ ခုံရုံး၊ နိုင်ငံတကာ တရားရုံးလို့ အကြမ်းဖျင်း နားလည်ထားလို့ ရပါတယ်။
ICC တရားရုံးမှာ အဖွဲ့ဝင်အနေနဲ့ ကမ္ဘာအနှံ့အပြားက နိုင်ငံပေါင်း ၁၂၅ နိုင်ငံက အဖွဲ့ဝင်အနေနဲ့ ပါဝင်ပြီး အာဆီယံမှာတော့ ကမ္ဘောဒီးယားနိုင်ငံက တစ်နိုင်ငံတည်းသော ICC အဖွဲ့ဝင်နိုင်ငံပဲ ဖြစ်ပါတယ်။
အကယ်၍ မင်းအောင်လှိုင် ဖမ်းဝရမ်းထုတ်ခံရရင် တရုတ်ရဲ့ ဩဇာခံယူထားတဲ့ ကမ္ဘောဒီယားနိုင်ငံဟာ ICC အဖွဲ့ဝင်အနေနဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးရေးမှာ ပါဝင်ကူညီမှုပြုမှာ မဟုတ်ဘူးလို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။
“ICC မှာ Office of the Prosecutor (OTP) အဖွဲ့ရယ် စာချုပ်ဝင်နိုင်ငံတွေရယ် ပူးပေါင်းပြီး ဝရမ်းအတည်ပြုပါတယ်။ ၂၀၁၆ ခုနစ်မှာ ICC Arrest Working Group ကိုလည်း ဖွဲ့စည်းထားပါတယ်။ ICCက အဖွဲ့ဝင်နိုင်ငံများ (ASP) နဲ့ ကုလလုံခြုံရေးကောင်စီ (UNSC)ကို ဝရမ်းအတည်ပြုနိုင်မှု အခြေအနေတွေကို အစီရင်ခံရပါတယ်။ ဥပမာ နိုင်ငံတစ်နိုင်ငံကို ဝရမ်းထုတ်ခံရသူက ခရီးသွားတဲ့အခါ အဲဒီနိုင်ငံက ဖမ်းပေးဖို့ပျက်ကွက်ရင် ထိုသို့ပျက်ကွက်ကြောင်း မှတ်တမ်းတင်ပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ တရားခံကို ဖမ်းမမိရင် တရားခံရဲ့မျက်ကွယ်မှာ တရားခံအပြစ်ရှိမရှိကို ICCက ဆုံးဖြတ်လို့မရလို့ တရားခံကိုမိဖို့ အချိန်ယူပြီးကို ရအောင်ဖမ်းလေ့ရှိပါတယ်။ ဖမ်းမမိရင် နောက်ဖြစ်လာမယ့်အမှုတွေကို တားဆီးနိုင်မှာမဟုတ်လို့လည်း မိအောင်ဖမ်းလေ့ရှိပါတယ်။ ဖမ်းဆီးရမိလို့ အပြစ်ပေးခံရသူတွေ အများကြီးရှိပါတယ်။” လို့ CDM မြို့နယ် တရားသူကြီး ဒေါ်သဉ္ဇာမြက မှတ်ချက်ပြုပါတယ်။
ရိုဟင်ဂျာအရေးရဲ့ တာဝန်ရှိသူ မင်းအောင်လှိုင်
=================
မင်းအောင်လှိုင်ကို ဖမ်းဝရမ်း လျှောက်ထားတဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan ဟာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကတည်းက ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှုနဲ့ ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုတွေကို စုံစမ်းစစ်ဆေးခဲ့တာပါ။
အဲဒီနောက်မှာတော့ ICC ရဲ့ ရှေ့နေရုံးကနေ ဒီကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ သတ်မှတ်ပြီး အခုလို တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။
“ရိုဟင်ဂျာတွေကို နယ်နှင်တာနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ၂၀၁၇ ခုနှစ် ဩဂုတ်လကနေ ဒီဇင်ဘာလအတွင်းမှာ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိပါတယ်” လို့ Karim A.A. Khan က ဆိုပါတယ်။
ဒါ့အပြင် အတွင်းသက်သေတွေ၊ စာရွက်စာတမ်း အထောက်အထားများစွာနဲ့ ဓာတ်ပုံ၊ ဗီဒီယို အထောက်အထားတွေ၊ မျက်မြင်သက်သေ ထွက်ဆိုချက်တွေ ရှိတာကြောင့် အခုလို ဖမ်းဝရမ်းလျှောက်ထားရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ တုံ့ပြန်မှု
============
အကြမ်းဖက် စစ်ကောင်စီကတော့ အခုလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုအပေါ် မှာ မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် အသိအမှတ်မပြုဘူးလို့ တုံ့ပြန်လာပါတယ်။
“မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။” ဟု စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့် မင်းအောင်လှိုင်အနေနဲ့ကတော့ ဖမ်းဝရမ်းထုတ်ခံရရင် ပြည်ပကို ခရီးသွားလာရာမှာ သတိကြီးကြီး ထားရတော့မှာ ဖြစ်ပြီး နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာပိုင်းအရ အောက်ဆုံး အခြေအနေအထိကို ထိုးဆင်းသွားမှာ အသေအချာပါပဲ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေကြီးဦးကြီးမြင့်က “ICC ကနေ ဝရမ်းထုတ်ခံရတဲ့သူက ဘယ်သူ့မျက်နှာ ကြည့်ရဲတော့မှာလဲ။ အောက်စည်းရောက်သွားပြီ” လို့ ဆိုပါတယ်။
နိုင်ငံတကာရဲ့ တုံ့ပြန်မှု ဘယ်လိုရှိလဲ
================
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားလိုက်တဲ့ သတင်းဟာ ကမ္ဘာ့နာမည်ကျော် သတင်းဌာနတွေဖြစ်တဲ့ CNN ၊ Reuters ၊ AP ၊ AFP ၊ BBC ၊ New York Times စတဲ့ သတင်းဌာနတွေရဲ့ ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။
နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကလည်း ဒီလို ဖမ်းဝရမ်းလျှောက်ထားမှုကို အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးခဲ့ပြီး ကြိုဆိုကြတာကို တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုက အကြီးဆုံး မွတ်စလင်လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CAIR ခေါ် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီကလည်း အခုလို မင်းအောင်လှိုင်ကို ဖမ်းဝရမ်းရရှိရေး ဆောင်ရွက်နေမှုအပေါ်ကို ကြိုဆိုကြောင်းပြောလာခဲ့ပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ကလည်း ကြိုဆိုကြောင်းကို ထုတ်ပြန်ထားပြီး ICC ရဲ့ စုံစမ်းစစ်ဆေးနေမှုနဲ့ တရားစွဲဆိုမှုကို ထောက်ခံအားပေးဖို့အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့အတူ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကိုလည်း တိုက်တွန်းထားပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရရဲ့ ရိုဟင်ဂျာအရေး အဆင့်မြင့်ကိုယ်စားလှယ် ခါလီလူရာမန်ကလည်း “တရားမျှတမှု ပြန်တောင်းယူဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်။” လို့ ဆိုပါတယ်။
ဒီလိုတွေ ဝိုင်းဝန်းထောက်ခံနေကြချိန် မြန်မာ့နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်နိုင်ငံကတော့ “ICC ဟာ တရားမျှတမှုရှိဖို့ လိုအပ်သလို အမျှော်အမြင်ရှိရှိ ချင့်ချိန် ဆောင်ရွက်ဖို့အတွက်လည်း တာဝန်ရှိတယ်။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဖမ်းဝရမ်းရရှိဖို့ ဘယ်လောက်ကြာနိုင်လဲ
================
ICC ကနေ မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းရရှိဖို့ လျှောက်ထားချက်ကနေ စီရင်ချက်ချတဲ့အထိ ဘယ်လောက်ကြာနိုင်မလဲဆိုတာကိုတော့ ဘယ်သူမှ တပ်အပ်ပြောဆိုနိုင်ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ‌ICC ကနေ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟု ဖြစ်စဉ်ကို အနီးစပ်ဆုံး လေ့လာနိုင်ပါတယ်။
နေသန်ရာဟုရဲ့ ဖမ်းဝရမ်းအတွက် ပြီးခဲ့တဲ့ ၂၀၂၄ မေလမှာ စတင်လျှောက်ထားခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ICC တရားရုံးကနေ ဝရမ်းချပေးခဲ့တာ ဖြစ်ပါတယ်။ ကာလအားဖြင့် ၆လ နီးပါး ကြာမြင့်ခဲ့ပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ အရေးကို အထူးလေ့လာစုံစမ်းနေတဲ့ အဖွဲ့ဖြစ်တဲ့ (IIMM) အဖွဲ့ကနေလည်း ICC ရှေ့နေရုံးနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အချက်အလက်တွေ ပေးမယ်လို့ ကြေညာထားတာကြောင့် ထင်ထားတာထက်ကို ဖမ်းဝရမ်းကျတာ မြန်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က မောင်းကို ပြောပါတယ်။
“ICC ရှေ့နေချုပ်က တင်လိုက်ပြီဆိုရင် အလွန်ဆုံးကြာရင် ၃-၄ လပါပဲ။ (IIMM) ကလည်း ပူးပေါင်းလာတော့ ထင်ထားတာထက် ပိုမြန်လာနိုင်တယ်” လို့လည်း ဆိုပါတယ်။
ICC ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှု (Crime Against Humanity) နဲ့ ၈၇ မှု၊ စစ်ရာဇဝတ်မှု (War Crime) နဲ့ ၁၁၆ မှု၊ လူမျိုးတုန်းသတ်မှု (Genocide) ၃မှုနဲ့ ဝရမ်းထုတ်ခံထားရသူ ၁၅ ယောက်ကို ဖမ်းလို့ မမိသေးပါဘူး။ ဒါ့အပြင် ICC တရားရုံးစီမံခန့်ခွဲမှုကို ဆန့်ကျင်ကျူးလွန်မှု​ (ဥပမာ မမှန်သက်သေခံမှု) နဲ့ ၁၃မှု ဝရမ်းထုတ်ထားပါတယ်။ အဲ့ထဲက ၄ ယောက်ကတော့ ဖမ်းမမိခင် သေဆုံးသွားလို့ ဝရမ်းတွေ ရုပ်သိမ်းခဲ့ရပါတယ်။
မင်းအောင်လှိုင်ကို ICC တရားရုံးကနေ ဝရမ်းချမှု ရှိနိုင်၊ မရှိနိုင် အပေါ်မှာ CDM မြို့နယ် တရားသူကြီး ဒေါ်သဉ္ဇာမြက “ဝရမ်းထုတ်သင့်တဲ့အချိန် မထုတ်ခဲ့လို့ ICC Office of the Prosecutor (OTP) ကလည်း ဝရမ်းထုတ်ပေးဖို့ မလျှောက်ခဲ့လို့ မင်းအောင်လှိုင်က ပြစ်မှုတွေ ဆက်ကျူးလွန်ခွင့် ရခဲ့ပြီးပါပြီ။ ဒီတစ်ခါကတော့ ကျိန်းသေပေါက် ထုတ်လိမ့်မယ်လို့ ပြောချင်ပါတယ်။ ဝရမ်းထုတ်ဖို့ ၂၀၁၈ -၂၀၁၉-၂၀ ၂၀ ကတည်းက အချိန်ကျခဲ့တာပါ။” လို့ ဆိုပါတယ်။
တော်လှန်ရေးအတွက် အရွေ့
===============
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ နှစ်အစပိုင်းမှာ ပြည်သူလူထု တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး လက်နက်အားကိုးနဲ့ အာဏာလုခဲ့တာဟာ အားလုံးလည်း အသိပါပဲ။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူဦးရေ ၉,၀၀၀ နီးပါးရှိနေပြီဆိုတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ နိုဝင်ဘာလ ၂၉ ရက်နေ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ မင်းအောင်လှိုင်ဟာ လက်ရှိမှာတော့ ICC ရဲ့ ဖမ်းဝရမ်း ကျခံရမဲ့အရေးနဲ့ ရင်ဆိုင်နေရပါပြီ။
ဒါဟာတော်လှန်ရေးအတွက် ကြီးမားတဲ့ အရွေ့ကြီးတစ်ခုဖြစ်သလို တရုတ်အားကိုးနဲ့ ထင်တိုင်းကြဲနေတဲ့ မင်းအောင်လှိုင်အတွက်တော့ နိုင်ငံတကာမျက်နှာစာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားမှာ အသေအချာပါပဲ။
“မင်းအောင်လှိုင်က Zero ဖြစ်သွားတာ။ တရုတ်က ပြန်လာတာ မြောက်ကြွမြောက်ကြွ ဖြစ်လာတဲ့ဟာက ဇက်ပိုးကို နောက်က ပိတ်ရိုက်လိုက်တော့ ခေါင်းငိုက်စိုက်ကျပြီး မှောက်လျက်လဲသွားသလိုပဲ” လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
အာဏာရူးနေတဲ့ မင်းအောင်လှိုင်သာ ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံရတာ သေချာပြီဆိုရင် ဖြစ်လာနိုင်တဲ့ အချက်တစ်ချက်ကိုလည်း မေ့ထားလို့ မရပါဘူး။
အဲဒါကတော့ မင်းအောင်လှိုင်ဟာ သူလက်ကိုင်ထားတဲ့ အာဏာတွေကို လက်မလွှတ်ရရေးအတွက် မရရတဲ့ နည်းလမ်းတွေ၊ အရက်စက်ဆုံး နည်းလမ်းတွေ ထုတ်သုံးကာ တိုင်းပြည်ကို ဖျက်ဆီးတော့မယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုလို မင်းအောင်လှိုင် ဖမ်းဝရမ်းလျှောက်ထားခံရမှုဟာ ပြည်သူ့အာဏာ ပြည်သူပြန်ရရေး ကြိုးပမ်းနေတဲ့ တော်လှန်ရေးအင်အားစုတွေ အတွက်တော့ အားတက်စရာဆိုတာ မလွဲဧကန်ပါပဲ။
“တိုင်းပြည်အာဏာကို မတရားတဲ့နည်းနဲ့ ပြည်သူ့လက်ထဲက လုယူဖို့ ကြိုးပမ်းနေသူတွေအတွက် အခု ICC ဖြစ်စဉ်ဟာ အာဏာရှင်တွေအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်တယ်” လို့ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝဲဒေါင့်ဝဲကြီးရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ၁၀ ဦးထက်မနည်း သေဆုံးကာ အထိနာသွားသည့် စစ်ကောင်စီတပ် ပြည်သူတွေရှိရာကို ရမ်းသမ်းပစ်ခတ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖြူးကပဖ က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

အညာဒေသမှာ တိုးချဲ့အခြေချပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်ဖို့ BPLA တပ်သားသစ်တွေ စတင်ခေါ်ယူ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အနေနဲ့ အညာဒေသမှာ အခြေချတော့မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ အညာတိုက်ပွဲတွေ တိုးချဲ့ဖော်ဆောင်ဖို့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။