မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ မြို့တောင်ဘက်ပိုင်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ဟန့်တားတိုက်ခိုက်ရင်း စစ်ကောင်စီတပ်သား ၃၀ခန့်ကို ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၁၈ရက်နေ့ကစလို့ မင်းတုန်းမြို့နဲ့​ ၈မိုင်အကွာက ကျေးရွာတွေဆီ သရက်အခြေစိုက် ကပစ (၁၂) ၊ တောင်တွင်းကြီးအခြေစိုက် ကပစ (၁၈) တို့နဲ့အတူ ခလရ- ၄၄(သရက်) နဲ့ တပ်မ-၈၈ ( မကွေး) တို့က စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေဟာ ဒေသခံပျူစောထီးတွေနဲ့ပေါင်းပြီး အင်အား ၁၀၀နီးပါးနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
“၁၈ရက်နေ့မှာ မင်းတုန်းရဲ့တောင်ဘက် ၇မိုင်အကွာက စပါးတန်းနဲ့ ညောင်ပင်သာရွာထဲ တပ်ရင်းတွေကလာတဲ့အင်အားတွေ စုမိကြတယ်။ အဲ့ရွာ ၂ရွာက ပုသိမ်-မုံရွာ လမ်းဟိုဘက်ဒီဘက်ပေါ့။ ပျူစောထီးအားကောင်းတဲ့ရွာတွေပါ။ အဲ့ဒီက ရွာခံ ပျူစောထီးခေါင်းဆောင် ဖိုးပြားကနေ ဦးဆောင်လမ်းပြရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ ” လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၁၉၊ ၂၀နဲ့ ၂၁ရက်နေ့တွေမှာ မှန်၊ ငှက်ပြင်း၊ ကြိုးဝ နဲ့ မြောက်ပြင် စတဲ့ ကျေးရွာတွေထဲ အကြမ်းဖက်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၂ရက်နေ့မှာလည်း စစ်အုပ်စုတွေက ကြိုးဝရွာအတွင်းက အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး ပြန်လည်နေရာယူချိန် ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ သရက်ခရိုင်အမှတ် (၄)တပ်ရင်းတို့က ဒရုန်းနဲ့ ၆၀မမဗုံးသီးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုတွေထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၆ရက် မနက်အစောပိုင်းမှာတော့ စစ်အုပ်စုစခန်းချရာဆီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကအလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်ဦးမှုရယူနိုင်ခဲ့တဲ့အတွက် တိုက်ပွဲချိန် မိနစ်လေးဆယ်အတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများစွာနဲ့ ​ကစဉ့်ကလျားဖြစ်ခဲ့ကြောင်းကိုမြတ်က ပြောတယ်။
ဒီတိုက်ခိုက်မှုကို အမှတ်- ၁စစ်​ဒေသ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း၊ တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၃)တို့က လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
“ကျနော်တို့လက်ဦးမှုရယူနိုင်ခဲ့တော့ သူတို့ချက်ချင်းမတုံ့ပြန်နိုင်ဘဲ ဖရိုဖရဲဖြစ်သွားတယ်ပေါ့။ တပ်စု၁စုစာလောက် သေပြီး ကျန်တဲ့သူတွေလည်းကစဉ့်ကလျားနဲ့ ထွက်ပြေးကုန်ကြတယ်။ ကျနော်တို့လည်း သူတို့ အိပ်စခန်းချရာအထိ ဝင်ရောက်နိုင်ခဲ့ပေမယ့် လက်နက်ကြီးပစ်ကူပေးတဲ့ ငါးမိုင်ဂိတ်နဲ့နီးတာရယ် စစ်ကူတွေရောက်လာနိုင်တာရယ်ကြောင့် ရတဲ့လက်နက်တွေ ကောက်ပြီး ချက်ချင်းပြန်ဆုတ်ခဲ့တာပါ။ ကျနော်တို့တပ်ခွဲမှူး နဲ့ရဲဘော် ၁ယောက်ကတော့ ပေါင်ကို ဗုံးစမှန်တဲ့ ဒဏ်ရာရခဲ့ပါတယ်။ မစိုးရိမ်ရပါဘူး” လို့ သရက်ခရိုင် အမှတ် ၄တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက MA1 သေနတ် (၃)လက်၊ MA3 (၄)လက်၊ ၄၀မမ ဗုံးပစ်လောင်ချာ(၁)လက်၊ MA15 ငါးကြင်းမြှီးစက်လက်(၁)လက်၊ ၆၀မမ စိန်ပြောင်း(၁)လက်၊ ကင်းထောက်ဒရုန်း(၁)စီး၊ တိုက်ခိုက်ရေးဒရုန်း(၁)စီး ၊ MAကျည်(၁၈၀၀)တောင့်၊ ငါးကြင်းမြှီးကျည်(၄၅၀)တောင့်နဲ့ ၆၀မမ ဗုံးသီး (၇)လုံး တို့အပြင် ဒေသခံတွေဆီက ခိုးယူထားတဲ့ရွှေလက်ကောက် (၃)ကွင်းကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် ကပစ-၁၈(တောင်တွင်းကြီး)က တပ်ကြပ်အဆင့်ရှိသူ စစ်သုံ့ပန်း ၁ယောက်ကိုလည်း တိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာဆီ ရဟတ်ယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်းနဲ့ စစ်ကြောင်းထိုးခဲ့တဲ့ ကျေးရွာတွေထဲ လက်ရှိအချိန်အထိ စစ်ကြောင်းအန္တရယ်တွေရှိနေသေးကြောင်း ကိုမြတ်က ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းအန္တရာယ်ကြောင့် ကံမနိုင်၊ ကြိုးဝ ၊ မြောက်ပြင် ၊ ရွာသစ်နဲ့ ငှက်ပြင်းစတဲ့ ကျေးရွာတွေက အရပ်သား ၅၀၀နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။
“မြောက်ပြင်၊ ကြိုးဝ နဲ့ ကံမနိုင်ကတော့ အခုမှ တိုက်ပွဲတွေရှိလို့ ရှောင်နေရတာပါ။ ရွာသစ်နဲ့ ငှက်ပြင်းကတော့ ၂၀၂၂လောက်တည်းက တိုက်ပွဲတွေရှိနေတဲ့အတွက် နဂိုကတည်းက စစ်ဘေးရှောင်နေရတာပါ။” လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်က ပြောပါတယ်။
ပုံစာ – သရက်ခရိုင် အမှတ် ၄ တပ်ရင်းက သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ
0 Shares:
You May Also Like
Read More

ကျားဖြန့်မြို့တော်ဟု လူသိများသည့် KK Park ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်အုပ်စုကြေညာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့ ဝါဒဖြန့်မီဒီယာမှာ သတင်းထုတ်လာပါတယ်။
Read More

KNDF တပ်ရင်း ၁၇ က ကျဆုံးရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တစ်နေရာမှာ ၂၀၂၂ ခုနှစ်က ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၇) က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညီနောင် ၃ ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလ ၁ လ ထပ်မံ သက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။