မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့ကစလို့ အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နေ့တိုင်းလိုလို ထိတွေ့မှုဖြစ်နေတာလို့ Voice Of Mandalay တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ရက် မနက်အစောပိုင်းကလည်း ဆောက်​ခြုံပေါက်၊ သဖန်းဒေါင့် ၊ ငယ်တိုး စတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ရာ စစ်အုပ်စုဘက်က Mi17 ၊ ဂျက်ဖိုက်တာစတဲ့ လေယာဥ်တွေနဲ့ ၉​ ကြိမ်ထက်မနည်း လေ​ကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

“မတ္တရာမြို့အနောက်ဘက်နဲ့ ဧရာဝတီမြစ်အကြားက ရွာတွေမှာ တိုက်ပွဲတွေ စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။ တုံကုန်း၊ ယမ်းကုန်းဘက်က စစ်ကြောင်းက မြွေဥဒိန်ရွာဘက်ထိ ရောက်ပါတယ်။ ပြီးတော့ အောက်ကင်းရွာဘက်မှာလည်း စစ်ကြောင်းတစ်ခု၊ အောက်တောင်ကိုင်းရွာအရှေ့ဘက် ဘုရားကုန်းဘက်မှာလည်း တစ်ခုပေါ့။ စစ်ကြောင်းတွေက ဖြန့်ထိုးနေတာပါ။ ၄ကြောင်းလောက် ထိုးတဲ့သဘောပေါ့။ အဲငယ်တိုးရွာနဲ့ ရွှေချောင်းရွာ အထိုင်ကနေ ဆောက်ခြုံပေါက်ဘက် ထိုးတဲ့စစ်ကြောင်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ပြီး အထိနာသွားပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၁၈ရက် မနေ့ကလည်း မတ္တရာမြို့နယ် မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေကို မနက် ၇ နာရီလောက်ကစလို့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ပြီး  မတ္တရာဘောလုံးကွင်းထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီး ၁၂၀ မမ တွေနဲ့ တစ်နေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စီးကလည်း စစ်ကိုင်းဘက်ခြမ်း မင်းကွန်းဆိပ်ကမ်းဘက်ကနေ မတ္တရာကမ်းဘက်ဆီ ပစ်ကူပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

“သင်္ဘောတွေက လေယာဥ်ပစ်တဲ့နေ့က တက်လာပြီး ပစ်လားမပစ်လားတော့ သေချာမသိလိုက်ဘူး။ ရေကျချိန်ဖြစ်လို့ အထက်ပိုင်းထိဆက်မတက်ဘဲ သုံးဆယ်ပေးအနောက်ဘက်ကနေ ပြန်လှည့်သွားတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့ သဖန်းဒေါင့် တို့ ငယ်တိုးတို့ဆိုတာ စစ်ကောင်စီအထိုင်ချထားတဲ့ရွာတွေပါ။ သဖန်းဒေါင့်ရဲ့အရှေ့တည့်တည့်က ရွှေချောင်းရွာဆိုရင်လည်း ပျူအထိုင်ရွာလို့ပြောရမယ်” လို့ Voice Of Mandalay တာဝန်ရှိသူက ဆိုပါတယ်။

သူကပဲဆက်လက်ပြီး “မတ္တရာမြို့ပေါ်ကနေ နေ့တိုင်းလိုလို လက်နက်ကြီး ပစ်ပါတယ်။ အချိန် သတ်သတ်မှတ်မှတ် မရှိဘူး။ တချို့ လက်နက်ကြီးတွေက အိမ်တွေပေါ်ကျလို့ မီးခိုးလုံးတွေ တက်လာတာမြင်ရတယ်။ မီးလောင်တဲ့အနေအထားပေါ့။ လောလောဆယ်ကတော့ မြို့နယ်ထဲ  နေ့ညမပြတ် အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးပစ်လို့ အခုတစ်ရက်နှစ်ရက်အတွင်းတော့ အရပ်သားထိခိုက်တာမျိုး မရှိသေးဘူး။ စစ်ဘေးရှောင်နေရတဲ့တချို့ဆို အိမ်တောင်မရှိတော့ပါဘူး” လို့ ပြောပါတယ်။

အခုနှစ် နိုဝင်ဘာလတစ်လတည်းကိုပဲ မတ္တရာမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ရှိထားပြီး တစ်မြို့နယ်လုံးမှာပြည်သူ ၆၀၀၀ထောင်​ နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မန္တလေးမြို့နဲ့ ဘယ်လောက်မှမဝေးတော့တဲ့ မတ္တရာမှာ စစ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ စတင်ထိုးစစ်ဆင်ပြီး နယ်မြေတွေပြန်လည်ရယူဖို့ ကြိုးစားလာတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို နိုင်ငံရေးအာဏာ အကန့်အသတ်မရှိ ပေးအပ်လိမ့်မည်ဟု KNU ဥက္ကဋ္ဌ ပြော

စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်နယ် နှင့် တွံတေးနယ်ရှိ နေအိမ်များကိုအုပ်ချုပ်ရေးမှူးမှ အလံထောင်ထားခိုင်းထားပြီး မလိုက်နာ သူများကို ငွေးကြေးကောက်ခံ

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ရေတာရှည်မြို့နယ် နဲ့ တွံတေးမြို့နယ်က နေအိမ်တွေကို မြန်မာအနိုင်ငံတော်အလံတွေထောင်ထားခိုင်း တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။