မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ တပ်သားအဆင့်ရှိသူက တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃၁ရက် မနေ့ နေ့လည်ပိုင်းမှာ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေတဲ့ တပ်မ ၉၉ လက်အောက်ခံတပ်သား တစ်ယောက်နဲ့ တပ်ကြပ်ကြီးဖြစ်သူတို့ အချေအတင် စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီလို ရန်ဖြစ်စကားများကြရာကနေ တပ်သားရဲဘော်က တပ်ကြပ်ကြီးဖြစ်သူကို သေနတ်နဲ့ပစ်ခတ်ပြီး မြို့ပြင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကိုပြောပါတယ်။
ယင်းပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးဖြစ်သူဟာ ဆေးကုသမှုခံရယူနေရပြီး၊ ပစ်ခတ်သွားတဲ့ တပ်သားရဲဘော်လည်း လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ထီးလင်းမြို့တွင်းအပါအဝင် အနီးနားဝန်းကျင်မှာ တောနင်းရှာဖွေနေတယ်လို့လည်း သိရပါတယ်။
” အရင်ကလည်း ယောနယ်(ဂန့်ဂေါခရိုင်) ထဲမှာ ဒီလိုမျိုး အချင်းချင်းပစ်ပြီး ထွက်ပြေးတာမျိုးတွေရှိခဲ့ပါတယ်။ အဲ့တုန်းက တော်လှန်ရေးအင်အားစုတွေဆီ ခိုလှုံကြတယ်။ အခုလည်း ဒီလိုဖြစ်ဖို့များတယ်” လို့ ကိုမင်းဒဿက မောင်းကိုဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်ထဲမှာ ထီးလင်းမြို့ကနေ ပြောင်းရွှေ့သွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနေရာကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) က တပ်သားတွေ ရဟတ်ယာဥ်များနဲ့ အစားထိုးရောက်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ထီးလင်းနယ်ဝန်းကျင်မှာလည်း စစ်ကြောင်းတွေထိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။