မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်လုံး ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း – ၁၂ မှ သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၀ ရက်က ပေါက်မြို့နယ် ကပစ ၂၄ က အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ သစ်ချိုကုန်း၊ပင်တောင်၊တပ်ကုန်း၊ရွာသစ်၊ ကိုင်းလယ်(ရဲစခန်း)မှ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်နဲ့ ထပ်မံပူးပေါင်းပြီး ထန်းတောလည်ကျေးရွာကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးနေချိန်မှာ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်းမှ ရဲဘော် ဟိန်းထက် အသက် (၂၁) နဲ့ ပေါက်မြို့နယ်၊စမ်းရေခုံကျေးရွာမှ ပြည်သူ မောင်ဝေဖြိုးပိုင် အသက် (၁၆) တို့ဟာ ပြည်သူများ ရှောင်ရှားနိုင်ဖို့ သွားရောက်ပြောကြားရာကနေ စစ်တပ်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထန်းတောလည်ကျေးရွာမှာ တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိသွားကာ တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်က ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီး တပ်ကုန်း ပျူရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက်မှာ ပေါက်မြို့နယ် တဲတော်ယာတောင်စုကိုလည်း အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နံနက် ၈ နာရီ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာတော့ တဲတောင်ယာတောင်စုမှ ပြည်သူပိုင်ပစ္စည်တွေခိုးယူပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်၊
အဲဒီတိုက်ခိုက်မှုတွေကို စစ်ကြောင်းမှူး ဝဏ္ဏနှင့် ဒုစစ်ကြောင်းမှူး ဆံရှည်တို့ ဦးဆောင်ပြီး ပခုက္ကူခရိုင် အမှတ် (၁)၊(၅)၊(၁၁)၊(၁၂)၊(၁၈) ၊Young Revolution Front နဲ့ ပေါက်မြို့နယ် ပ.က.ဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – ပခုက္ကူခရိုင်တပ်ရင်း-၁၂