မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဥရောပသမဂ္ဂ (EU) ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့သလို၊ လွတ်လပ်တရားမျှတတဲ့ အခြေခံစံနှုန်းများ ပြည့်မီမှု မရှိခဲ့တဲ့အပြင် ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းများလည်း မရှိခဲ့ကြောင်း EU က ထောက်ပြဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဒီလို ကြောက်ရွံ့မှုတွေ လွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်နဲ့ အခြေခံလွတ်လပ်ခွင့်တွေ ကန့်သတ်ခံထားရတဲ့ အခြေအနေအောက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ရှုတ်ချကြောင်းလည်း EU က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှု ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံဟာ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဆင်းရဲဒုက္ခတွေကို အလူးအလဲ ခံစားနေရဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်အနေနဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ကိုလည်း EU ကနေ အလေးအနက် တောင်းဆိုထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထောက်ခံပြီး ဥရောပသမဂ္ဂအနေနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ဆက်လက်ရပ်တည်သွားမယ်လို့ အတည်ပြု ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်