မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က သုံးပွင့် ဗိုလ်ကြီး(၁) ယောက်အပါအဝင် စစ်သား (၂၇) ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က ချောက်မြို့နယ်အတွင် အင်အား ၁၅၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဗမာ့တပ်တော်၊ လက်ရုံးတပ်ဖွဲ့ နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက (၂) ကြိမ်တိတိ တိုက်ခိုက်ခဲ့တာပါ။
ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အဲ့ဒီနေ့မနက်ပိုင်းမှာ ချောက်မြို့နယ်အတွင်းက ဗမာ့တပ်တော် စိုးမိုးထားတဲ့နယ်မြေတွေထဲ ဝင်ရောက်လာချိန်မှာ ထိန်ကန်ကျေးရွာနဲ့ လွင်ကြယ်ကန်ကျေးရွာအရောက် တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်တိုးမိပြီး ပေါက်ကွဲမှုတွေဖြစ်ကာ ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေ့လည်ပိုင်းအရောက်မှာလည်း တော်လှန်ရေးတပ်တွေက ထပ်မံ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်း အထိနာသွားပြီး လက်နက်ကြီးတွေပစ်ကူတွေနဲ့ ဆုတ်ခွါသွားခဲ့တယ်လို့ ဗမာ့တပ်တော်က ထုတ်ပြန်ပါတယ်။
စစ်ကြောင်းဟာ အဲ့ဒီနေ့ ညနေပိုင်းမှာ ထိန်ကန်ကျေးရွာက အရပ်သားနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်တစ်နေ့ ဇန်နဝါရီလ (၂၉)ရက် မနက်ပိုင်းမှာလည်း ထိန်ကန်ကျေးရွာက အရပ်သား ၁ ယောက်နဲ့ လမ်းပြ အရပ်သား ၁ ယောက်တို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အရပ်သားပိုင် ဆိုင်ကယ်တွေကိုပါ မိးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပြီး အဲ့ဒီနေ့မှာပဲ နောက်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ပြောပါတယ်။
” တိုက်ပွဲမှာ သူတို့အထိနာတာက မိုင်းနဲ့ ထိတာလဲရှိသလို ပစ်ခတ်ရင်း ထိတာတွေလည်း ပါပါတယ်” လို့ ဗမာ့တပ်တော်(BAMAR ARMY) သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ပွဲကို ဗမာ့တပ်တော်(BAMAR ARMY)၊ အမှတ်(၃)စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၇၀၇)တပ်ရင်း လက်ရုံးတပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဘက်က အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။