ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးရိုးမ ဗျူဟာ – ၂၁ မှ သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပေါက်ခေါင်း-အုတ်တွင်းလမ်းရှိ ပြောင်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်း အထိနာပြီး ဇန်နဝါရီ ၂၉ ရက်က ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာလာစဉ် ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန် တိုင်အနီး တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် တွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးပြီး MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၁ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြိမ်ကြိမ်တိုက်ခိုက်ခံရတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ပေါက်ခေါင်းမြိုနယ် ဘော်ဒါအထိုင်စခန်းသို့ ပြန်လည်ရောက်ရှိလာစဉ် အင်အား ၆၀ ဝန်ကျင်ခန့်သာရှိတော့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှူ့ဖြင့် ဗျူဟာရုံးတိုက်ခိုက်ရေးတပ်ဖွဲ့၊ (၃၆၀၁)တပ်ရင်း တပ်ရင်းစစ်ကြောင်း၊ (၃၆၀၂)တပ်ရင်း တပ်ခွဲ(၃)၊တပ်ခွဲ(၁) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – ပဲခူးရိုးမ ဗျူဟာ-၂၁ PDF