မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ကပစ -၁၈ က ဗိုလ်ကြီးသက်ထွန်း ဦးဆောင်မောင်းနှင်လာတဲ့ အိမ်စီးကားကို စောင့်ကြိုပစ်ခတ်ခဲ့လို့ ကားပေါ်ပါ စစ်သား(၃)ယောက်သေဆုံးကာ ဗိုလ်ကြီးသက်ထွန်းအပါ (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) က မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းစစ်တပ်ဂိတ်နေ ထွက်ခွာလာတဲ့ မက်(ခ) တူး အိမ်စီးကားအဖြူရောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပဲခူးရိုးမပတ်လမ်းတစ်နေရာကနေ သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) တာဝန်ရှိသူကပြောပါတယ်။
အဲ့ဒီမက်(ခ) တူး အိမ်စီးကားအဖြူရောင်ပေါ်မှာ တောင်တွင်းကြီးမြို့အခြေစိုက် အမှတ်(၁၈) ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကော်မရှင်တပ် ဗိုလ်ကြီး သက်ထွန်းနဲ့ နောက်လိုက်စစ်သားတွေ လိုက်ပါလာခဲ့တာဖြစ်ပြီး သူတို့တပ်စွဲရာ တောင်တွင်းကြီးမြို့တောင်ဘက် ပျဥ်ချောင်းရွာကို ပြန်လာနေချိန်မှာ အခုလိုပစ်ခတ်မှုဖြစ်ခဲ့တာပါ။
“အဲ့ထောက်ကြံ့ကွင်းဂိတ်ကလည်း တောင်တွင်းကြီး-အောင်လံ ပဲခူးရိုးမပတ်လမ်းပေါ်ပဲ ရှိတာပါ။ ဗိုလ်ကြီးသက်ထွန်းအပါ (၆) ယောက်ပါတယ်။ ဖရဲသီးသတင်းအရ စောင့်ပစ်ခဲ့တာပါ။ ပွဲက (၁၅) မိနစ်လောက်ကြာခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သား (၃)ယောက်သေဆုံးပြီး ဗိုလ်ကြီးသက်ထွန်း နဲ့ ကျန်တပ်သား(၂) ယောက်ဟာ အပြင်းထန်ဒဏ်ရာတွေရရှိကာ မကွေးစစ်ဆေးရုံကြီးပေါ် တက်ရောက် ကုသမှုခံယူနေရတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)နဲ့အတူ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ တပ်ဖွဲ့ဝင်များ(ပုံဟောင်း)