အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းခဲ့တာငါးနှစ်ကြာမြင့်လာပြီဖြစ်ပေမဲ့ မြန်မာပြည်သူတွေဟာ စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်ပြီး, ဆက်လက်ခုခံတော်လှန်နေဆဲဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရဆီကနေ အကြမ်းဖက်အာဏာသိမ်းခဲ့တာ ၅ နှစ်ပြည့်တော့မှာဖြစ်ပြီး၊ ဒီလိုအာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း စစ်အုပ်စုဟာ နိုင်ငံအနှံ့အကြမ်းဖက်စစ်ဆင်ရေးတွေနဲ့ လက်ရဲဇက်ရဲသတ်ဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေကို ကျူးလွန်နေပေမယ့်၊ ပြည်သူ့တော်လှန်ရေးကတော့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြံ့ကြံ့ခံ ရှင်သန်အားကောင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်အာဏာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ၅ နှစ်တာကြိုးပမ်းလျက်ရှိပေမဲ့ မြန်မာပြည်သူလူထုထံမှဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှဖြစ်စေ ဘယ်လိုလုပ်ပိုင်ခွင့် အာဏာကိုမှ ရရှိမနေဘူးဆိုတာ သိသာထင်းရှားနေပါတယ် လို့ JFM ကဆိုပါတယ်။
“ငါးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မြန်မာစစ်အုပ်စုအနေနဲ့ သူရဲ့ အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုယန္တရားကို ခုခံတော်လှန်လိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ရိုက်ချိုးနိုင်ခြင်း မရှိပါဘူး။ သူတို့တွေအနေနဲ့ တရားဝင်မှုသော်လည်းကောင်း၊ အုပ်ချုပ်ခွင့်အာဏာသော်လည်းကောင်း မရှိတဲ့အတွက် ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့နည်းလမ်းကိုပဲ အားကိုးတော့တာဖြစ်ပါတယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို မြန်မာပြည်သူတွေကပဲ တည်ဆောက်ရမှာဖြစ်ပြီး၊ လက်ရှိမှာလည်း စစ်အုပ်စုထိန်းချုပ်နိုင်မှုမရှိတဲ့နေရာတွေမှာ ပြည်သူတွေဟာ ဒီမိုကရေစီနှုန်းတွေနဲ့ အပြည်အလှန်ကူညီနေကြပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ JFM ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလာဒ်တွေကို ငြင်းပယ်ရမှာဖြစ်ပြီး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ရပ်တန့်စေဖို့အတွက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဟန်ချက်ညီချမှတ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်ရေးက ခြောက်နှစ်တာကာလထဲကို ဝင်ရောက်လာချိန်မှာ ကမ္ဘာကြီးအနေနဲ့လည်း စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေရဲ့ အားထုတ်မှုအပေါ် သွေးစည်းညီညွတ်စွာ ရပ်တည်ပေးဖို့လိုတယ်လို့လည်း မရတနာမောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။