၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်က ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတစ်ရပ်ကို မကြာသေးမီက ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လည်လွှတ်ပေးခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းများ မရှိသေးဘဲ ထိုသို့ရွေးကောက်ပွဲကျင်းပခဲ့မှုအပေါ် ဂျပန်နိုင်ငံက မနေ့က ပြစ်တင်လိုက်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့အရေး တိုးတက်ကောင်းမွန်လာစေဖို့ တောင်းဆိုမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မနေ့က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး toshimitsu motegi က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်တပ်ထံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့ နဲ့ သက်ဆိုင်သူတွေကြားစစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးစတင်နိုင်ဖို့ နိုင်ငံရေးအရ တိုးတက်မှုရရှိအောင် လုပ်ထပ်တလဲလဲ တောင်းဆိုခဲ့တယ်လို့ ဝန်ကြီး toshimitsu motegi က ဆိုပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ မကျင်းပမီ ထိုသို့သော ကြိုးပမ်းအားထုတ်မှုများ ဖြစ်ထွန်းလာခဲ့ခြင်း မရှိတာဟာ စိတ်မကောင်းဖွယ်ရာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ တိုးတက်မှုတွေရရှိဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်သလို ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို သတိထားစောင့်ကြည့်သွားမှာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စားဝတ်နေထိုင်ရေး ကောင်းမွန်လာဖို့အတွက် ထောက်ပံ့ကူညီမှုတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။