မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ(၁၀) ကြိမ်ဖြစ်ပွားပြီး စစ်ကော်မရှင်ဘက်က အယောက်(၃၀)နီးပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်လောက် ကတည်းက မင်းတုန်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး သရက်ခရိုင် အမှတ် (၄) တပ်ရင်းတပ်ဖွဲ့ဝင်တွေက ရက် (၂၀) ကြာခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ခွင့်မရ ခဲ့တဲ့ မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေ ပို့ဆောင်စေလွှတ်ခဲ့တာလို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲရင်း ကျေးရွာတွေထဲ ဝင်ရောက်မီးရှို့တာ၊ ပစ္စည်းတွေ ကားနဲ့တိုက်ယူတာအပါအဝက် အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပထမဆုံးအနေနဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းက မင်းတုန်းမြို့နယ် ကြပ်ကြီးကျေးရွာအနီးမှာအင်အား(၁၅၀) ပါစစ်ကြောင်းနဲ့ (၁၀)မိနစ်ကြာ ထိတွေ့မှု စဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ပုသိမ် – မုံရွာ လမ်းပိုင်းပေါ်က မဲဇလီနဲ့ သရက်အုပ်ကျေးရွာတွေမှာ တပ်ဖြန့် နေရာယူရင်း ကျေးရွာတွေထဲဝင်ရောက်မွှေနှောက်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း နောက်ထပ်တခါ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီနောက်မှာတော့ စစ်ကြောင်းဟာ ပုသိမ် – မုံရွာ လမ်းပိုင်းအတိုင်း မင်းတုန်းမြို့ဘက်ဆီ ပြန်လည်ဆုတ်ခွာသွားခဲ့သလို ဇန်နဝါရီလ (၂၁) ရက်နေ့မှာလည်း မိုက်ကရို ဂိတ်ကနေ တဆင့် ကျေးရွာတွေ ထဲ ထပ်မံစစ်ကြောင်းထိုးလာခဲ့တယ်လို့ ပြောပါတယ်။
စစ်ကြောင်းဟာ ထိန်ကိုင်းကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ရင်း ဒေသခံတွေကို ဖမ်းစီးထားခဲ့သလို အဲ့ဒီနေ့ မနက်နဲ့ ညနေပိုင်းတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ထိန်ကိုင်းကျေးရွာစာသင်ကျောင်းနဲ့ ကောက်ကွေ့ကျေးရွာဘက်ဆီ အကြမ်းဖက်စစ်သားတွေ ရှေ့ပြေးပွိုင့်ထွက်လာချိန်မှာ ဒရုန်းတွေနဲ့(၆၀) မမဗုံးသီးတွေကြဲချခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းရှေ့ဆက် မတိုးနိုင်ပဲ အဲ့ဒီကျေးရွာတွေထဲ ညအိပ်တပ်စွဲခဲ့ရပြီး နောက်တစ်နေ့မှာပဲ စစ်ကြောင်းဆက်လက်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်ဇန်နဝါရီလ (၂၂) ရက်နေ့ ညနေပိုင်းမှာလည်း မင်းတုန်းမြို့နယ်၊ ထန်းလေးပင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မြေပြင်ကရော ဝေဟင်ကနေပါ အပြင်းအထန်တိုက်ခိုက်ခဲ့သေးတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားတွ အထိနာကာ ထန်းလေးပင်ကျေးရွာက နေအိမ်(၆)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ အနီးအနားက ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာတွေထဲဝင်ရောက်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်တပ်စွဲနေခဲ့တယ်လို့ သိရပါတယ်။
ဒီနောက်မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းတို့ ဇန်နဝါရီလ (၂၃) ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေရက်ဆက် ဖြစ်ပွားခဲ့ပါသေးတယ်။
” ဒီကနေ့ မနက်အထိ စစ်ကြောင်းက မင်းတုန်းမြို့အနီးက ရွာတွေထဲရောက်နေဆဲပါ။ ဒေသခံတချို့တဝက်ကစစ်ရှောင်နေရဆဲပါ။ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါ။” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
စစ်ကြောင်းထိုးကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ ဝက်ကော်ကျေးရွာအတွင်းက နေအိမ် (၂၈)လုံး၊ ထန်းလေးပင်ကျေးရွာက နေအိမ် အလုံး(၅၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးရမ်းကား ပစ်ခတ်မှုကြောင့် ကင်းမွန်တောင့်ရွာ တစ်ရွာလုံးနီးပါးကို မီးလောင်ပြာကျခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် သီးပင်ကုန်းဒေသခံ အမျိုးသား (၁)ယောက် သေဆုံးခဲ့ရပါသေးတယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ သရက်ခရိုင်တပ်ရင်း(၄) ရဲ့ နောက်တန်းစခန်းကိုလည်း ဂျက်ဖိုက်တာလေယာဥ်နဲ့လေကြောင်းတိုက်ခိုက်မူ (၁၀)ကြိမ်နီးပါးအပြင်းအထန်ပြုလုပ်ခဲ့တဲ့အတွက် စခန်းပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။