တနင်္သာရီတိုင်း ပလမြို့အမှတ် (၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ်(၄) ဆားဖိုဆိပ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတဲ့အတွက် နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ပုလော ပကဖ မှ သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပုလောမြို့နယ် ပလမြို့ ရပ်ကွက်နှစ်ခု အတွင်းကို အကြမ်းဖက်စစ် တပ်က ပိတပ်ကျေးရွာဘက်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ပလမြို့ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းကလည်း ပလမြို့ အမှတ် (၄) ဆားဖိုရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“မီးလောင်သွားတာက ပလမြို့ အမှတ် (၄) ရက်ကွက်ပါ။ ရေလုပ်ငန်းလုပ်ကိုင်တဲ့ ရပ်ကွက်လေးပါ။ တရပ်ကွက်လုံးနီးပါးကို မီးလောင်ကျွမ်းခဲ့တာပါ။ ပြည်သူတွေက ရုတ်တရက်ဆိုတော့ ပစ္စည်းတွေ သယ်ယူချိန်မရဘဲ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတော့ အခက်အခဲတော့ ဖြစ်နေပါတယ် ဘေးတော့ကင်းကြပါတယ်” လို့ ပုလော ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၈ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Video – ပုလော ပကဖ