ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် စစ်တောင်းမြစ်တံတားပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ရာ တပ်ကြပ်တစ်ယောက်အပါအဝင် စစ်သား၂ ယောက်သေဆုံးသွားတယ်လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဇန်နဝါရီလ (၂၉)ရက် မနေ့က မနက်ပိုင်းနဲ့ နေ့လည်ပိုင်းအချိန်တွေမှာ စစ်တောင်းမြစ်တံတား၊ မုန်း-အုတ်ဖြတ်လမ်းပိုင်းပေါ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၂ ချိန်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့လို ဒီတိုက်ခိုက်မှုတွေထဲ နေပူဆာထွက်လှုံတဲ့ သက်ကြီးပိုင်းစစ်သားနဲ့ အဝတ်ထွက်လှမ်းတဲ့ တပ်ကြပ်တစ်ဦး နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
” နေ့လည်ပိုင်းပစ်တာမှာ ထိတာက ၂ရစ်နဲ့ပါ။ ၂ရစ်ကိုမှရဲနေတာပဲ။ ကြားထဲမှာက စစ်တောင်းမြစ်ပဲခြားတော့ ပစ်ပြီးမကြာဘူး။ သူတို့ဘက်ကလည်း ရမ်းသမ်းပြန်ပစ်တယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို KNLA တပ်ရင်း(၈) နဲ့အတူ ARMS Local PDF တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
” ဒီဂိတ်က အရပ်သားတွေဖြတ်မရဘူး။ သူတို့နဲ့ပက်သက်သူတွေပဲဖြတ်လို့ရတာ၊ အဲ့တော့အခြားလမ်းသုံးကြရပါတယ်။ နောက်ပြီးအဲ့ဂိတ်က ဖြူးနဲ့ဆို 20km လောက်ဝေးပါတယ်” လို့ ARMS တပ်ရင်း၊ Falcons စွန်ရဲတပ်ခွဲ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။
ဒီတပ်ရင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့ကလည်း မုန်း-အုတ်ဖြတ်လမ်းပိုင်း၊ စစ်တောင်းမြစ်တံတားပေါ်က စစ်တပ်ဂိတ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ အဲ့ဒီ မုန်း-အုတ်ဖြတ် လမ်းပိုင်း၊ စစ်တောင်းမြစ် တံတားဂိတ်ဟာ အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ထားတာကြောင့် အရပ်သားတွေ ဖြတ်သန်းသွားလာခွင့်မရှိဘူးလို့လည်း သိရပါတယ်။