မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှ တပ်ကုန်းမြို့ကိုသွားတဲ့ တောင်ညိုလမ်းမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်လို့ ၁၂ ဦးသေဆုံးသွားတယ်လို့ စစ်ကော်မရှင်ထိန်းချုပ် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ဇန်နဝါရီ ၂၈ ရက်နေ့မှာ တောင်တွင်းကြီးကနေ တပ်ကုန်းမြို့ကို ဖျော်ဖြေရေးအသွားလမ်းခရီးမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့သားတွေ ပါဝင်တဲ့ကား ချောက်ထဲကျတိမ်းမှောက်ခဲ့တာဖြစ်ပြီး၊ ၂၇ ဦးအနက် ၁၂ ဦးပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်။
”နေပြည်တော်နဲ့ တောင်တွင်းကြီလမ်း၊ ဂွေးချိုကျေးရွာမှာ ဇာတ်အဖွဲ့ ကား အရှိန်လွန် ချောက်ထဲပြုတ်ကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိပြီး အသက်ဆုံးရှုံးရသူတွေလည်းရှိပါတယ်။ ကရိန်း၊ လူနာတင်ယာဉ်အစရှိတဲ့ လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့” မွန်မြတ်သူလူမှုကူညီရေးအသင်းရဲ့ Facebook page မှာ ဖော်ပြထားပါတယ်။


ယာဉ်မတော်တဆမှုအတွက် ညတွင်းချင်းအကူညီတွေ ချိတ်ဆက်ဆောင်ရွက်ပေးကာ လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့ အခင်းဖြစ်ပွားရာနေရာကို အမှုဆောင်တွေလိုက်သွားမယ်လို့လည်း သဘင်အစည်းအရုံး (ဗဟို) ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းအခြေအနေတွေ ပုံမှန်ဖြစ်နေပြီဆိုတာမျိုးကို ပြသလိုတဲ့ စစ်ကော်မရှင်ရဲ့အားပေးထောက်ပံ့မှုနဲ့ အခုနှစ်ပိုင်းတွေမှာ ဇာတ်သဘင်ပွဲတွေ ပြန်လည်စည်ကားလာပြီး၊ နာမည်ကြီးအငြိမ့်တွေ ဇာတ်တစ်ပွဲကရင် ဆုကြေးငွေ အမြောက်အများ ရရှိနေတယ်လို့လည်း သိရပါတယ်။

