ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ အင်အား ၁၅၀ နီးပါးရှိတဲ့ အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရပြီး အယောက် ၅၀ နီးပါးထိခိုက်သေဆုံးကာ စစ်ကြောင်းပျက်စီးသွားတယ်လို့ ပဲခူးရိုးမ PDF၊ ဗျူဟာ (၂၂) ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များဖက်ကလည်း တပ်ဖွဲ့ဝင် (၄)ယောက်ကျဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်း- အုတ်တွင်း လမ်းပိုင်းအတိုင်း နယ်မြေရှင်းလင်းရေးထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောင်းချောင်းကျေးရွာမှာ ဗျူဟာ(၂၁) နဲ့ ဗျူဟာ (၂၂) လက်အောက်ခံတပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းက တိုင်းဗဟို (၆) အမြောက်တပ်ကနေ အင်အား ၁၂၀ နီးပါးနဲ့ ပြည်-ပေါက်ခေါင်းဘက်ကို ရောက်နေခဲ့တာဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် အင်အား ၃၀ ခန့်ထပ်မံဖြည့်တင်းကာ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာလို့ ပဲခူးရိုးမ PDF၊ ဗျူဟာ(၂၂) က ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကြောင်းကို ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်က (၃၆၀၁) တပ်ရင်း တပ်ခွဲ (၄)၊ ဗျူဟာ (၂၂)ကွပ်ကဲမှုအောက်က ဗျူဟာရုံးတိုက်ခိုက်ရေးအဖွဲ့ ၊ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တပ်ခွဲ (၂)နဲ့ တပ်ရင်းရုံးအဖွဲ့၊၊သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) တပ်ရင်း တပ်ခွဲ (၂၊ ၆) တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၁) ၊တပ်ခွဲ (၅) BTZM ၊သာယာဝတီခရိုင် တပ်ရင်း (၃၈၀၃) တပ်ရင်း ၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ (၁) တပ်ခွဲ (၃)၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၇) တပ်ခွဲ (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း Ma2 သေနတ် (၁) လက်၊ Ma1 သေနတ် (၂) လက် ၊ Ma3 သေနတ် (၂) လက်၊ RPG 7 (၁) လက်၊ 60 ကွန်မန်ဒို (၁) လက်၊ 5.56 ကျည်-၃၀၀၀တောင်၊ 7.62 G3 ကျည် -(၅၈၀) တောင့် ၊ ကျည်ဘောက် (၃၂) ခု၊ RPG အဖူး(၈)ဖူး၊RPG ပိုယမ်းတောင့် -(၇)တောင့်၊ 60 မမအသီး(၈) လုံး၊ 40မမ အသီး (၁၉)လုံး၊ အီနာဂါ (၁၉)လုံး၊လက်ပစ်ဗုံး(၂၄)လုံး၊ 14မိုင်း(၄၂)လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ စကားပြောစက်(၁)လုံး၊ စတားလင့်ဘန် (၁)ခု၊ မီတာဘုတ် (၁)ခု၊ မီးစက် (၁)လုံး၊ ဓါတ်ဆီဗူး(၂၀)ဗူး၊ ကီးပတ်ဖုန်း (၄)လုံး၊ ဖုန်း(၁၁)လုံး၊ဓါး(၁၉)ချောင်း၊ စစ်သုံးကျောပိုးအိတ်၊ ဦးထုတ် (၁၄) လုံးနဲ့ စစ်ဝတ်စုံအများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ တိုက်ပွဲအပြီး ထိခိုက်သေဆုံးမှုအများပြားနဲ့ တပ်ပျက်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။