အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်မပြုဘူးလို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လဇရို (Theresa Lazaro) က အခုလိုပြောကြားခဲ့တာပါ။
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့ အာဆီယံအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးကို အသိအမှတ် မပြုဘူးလို့ မစ်ထရီဇာက ဆိုပါတယ်။
အာဆီယံအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတာ ဟုတ်ပါသလားလို့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းစဉ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး “ဟုတ်ပါတယ်၊ အခုအချိန်အထိတော့ အသိအမှတ်မပြုပါဘူး” လို့ ဖြေကြားခဲ့တာပါ။
“အပိုင်း ၃ ပိုင်းနဲ့ ကျင်းပခဲ့တဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲကို အာဆီယံက ထောက်ခံအတည်ပြုထားတာ မရှိဘူး” လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး ဆိုပါတယ်။
အာဆီယံရဲ့ အခု ဆုံးဖြတ်ချက်ကြောင့် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုမှုရရေး ကြိုးပမ်းနေမှုအပေါ် ကြီးမားတဲ့ ထိခိုက်မှုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး၊ မြန်မာအရေးဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ကို ဆက်လက်အကောင်အထည်ဖော်သွားမယ်ဆိုတာကို ထပ်မံအတည်ပြုခဲ့တယ်လို့ သိရပါတယ်။