နွေဦးတော်လှန်ရေးကာလ လေးနှစ်ကျော်ရောက်ရှိလာချိန်မှာ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ဇန်နဝါရီ ၂၅ ရက်နေ့က လေးနာရီကြာ တွေ့ဆုံတယ်လို့ NUCC သတင်းထုတ်ပြန်ပါတယ်။
အဲဒီလိုတွေ့ဆုံတွေတာမှာ အားကောင်းခိုင်မာတဲ့တော်လှန်ရေးဦးဆောင်မှု တစ်ခုပေါ်ပေါက်စေဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကြား သဘောထားကွဲလွဲတာကိုညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကောင်းမွန်တဲ့ သဘောတူညီချက်တွေရရှိတယ်လို့ NUCC ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီအစည်းဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Political Coordination Commission မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးတွေပါ တက်ရောက်ပြီး NUCC မှာပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေ ကောင်စီဝင်တွေ တက်ရောက်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကချင်အတိုင်ပင်ခံကောင်စီ (KPICT) တို့ဟာ NUCC က နှုတ်ထွက်ထား တာဖြစ်ပါတယ်။
“ မိမိတို့အနေနဲ့ နိုင်ငံရေးချည်းကပ်မှုကို ပိုပြီးအားစိုက်ပြင်ဆင် လိုတာမလို့ NUCC ကနေ ယာယီရပ်ဆိုင်းလိုက်တာလို့” KNPP ရဲ့ အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်က မီဒီယာတချို့ကို ဖြေကြား ထားပါတယ်။
နွေဦးတော်လှန်ရေးနဲ့ ဦးဆောင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ NUCC ကို ကြားကာဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး အတွက် ဖွဲ့စည်းခဲ့ပေမယ့် နိုင်ငံရေးဦးဆောင်မှုမပြုနိုင်တာကြောင့် ဖျက်သိမ်းရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ NUCC တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ( DPNS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF)၊ အမျိုးသမီးရေးအဖွဲ့ လေးဖွဲ့၊ ၈၈ မျိုးဆက်၊ ဒေါက်တာတေဇာဆန်းပါဝင်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက် ညှိနှိုင်းရေးကော်မတီ ( မန္တလေး)၊ သပိတ်ကော်မတီတွေနဲ့ အလုပ်သမားအဖွဲ့ အစည်းတွေကျန်ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။