အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အုပ်ချုပ်မှု ယန္တရားထဲက ပြည်ထဲရေးဝန်ကြီးရာထူးနေရာကို မကြာခဏ အပြောင်းအလဲပြုလုပ်လေ့ရှိကာ လက်ရှိပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် နေရာမှာ စစ်ရေးချုပ် ဖုန်းမြတ်နဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုထိန်းချုပ် မီဒီယာတွေမှာ မနေ့က ဖော်ပြခဲ့ကြပါတယ်။
လက်ရှိပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဖုန်းမြတ်ဟာ စစ်အုပ်စု အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ စစ်ရေးချုပ်နဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်တွေထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး စစ်သင်တန်း OTS ၇၃ ဆင်းသူ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ပြည်ထဲရေးဒုဝန်ကြီး အောင်ကျော်ကျော်ကို စစ်ဘက်နေရာပြန်ပို့ကာ ဒုစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် မင်းသူကို အစားထိုးခန့်အပ်လိုက်တယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ထွန်းထွန်းနောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးကနေ ၂၀၂၅ ဇန်နဝါရီမှာ ပြည်ထဲရေးကြီး ဖြစ်လာတာကြောင့် တစ်နှစ်တာဝန်ထမ်းဆောင်ပြီးနောက် စစ်ဘက်မူလ တာဝန်တွေပြန်လည်ထမ်းဆောင်ရမှာ ဖြစ်တယ်ဘို့ ဆိုပါတယ်။
သူပြည်ထဲရေးဝန်ကြီး အဖြစ်တာဝန်ယူချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်သူ၊ ကန်ကွက်သူတွေကို အကြမ်းဖက်သမား လို့သတ်မှတ်ကာ ပြည်သူ ၄၀၀ ကျော်ကို ထောင်ဒဏ် နှစ်ရှည်ကျနိုင်တဲ့ ရွေးကာဥပဒေနဲ့ အရေးယူခဲ့သူလည်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီး ရာထူးနေရာကို မကြာခဏ အပြောင်းအလဲ ပြုလုပ်လေ့ရှိရာ စိုးထွဋ်၊ ရာပြည့်၊ ထွန်းထွန်းနောင်တို့ဟာ တာဝန်ထမ်းဆောင် ခဲ့ဖူးကြတယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မီဒီယာတွေက ဖော်ပြကြပါတယ်။