စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုတပ်စခန်းကို ဒရုန်းတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့က ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေချိန် ဆားလင်းကြီးမြို့ပေါ်မှာ စစ်သားနဲ့ ရဲ အင်အား ၁၀၀ လောက်အထိုင်ချတပ်စွဲထားတဲ့ နေရာကို တော်လှန် ရေးပူးပေါင်းတပ်တွေဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲချိန် ၂ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး မျက်မြင်စစ်သား ၁ ဦးသေဆုံးခဲ့ကာ နောက်ထပ် ၃ ဦး သေဆုံးခဲ့တာကို တပ်တွင်း သတင်းရင်းမြစ်တွေက တဆင့် အတည်ပြုနိုင်တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။
“တိုက်ပွဲစဖြစ်တော့ ၇ယောက်၊ ၈ယောက်လောက်က ရှေ့ဆုံးကနေ ထွက်လာတာ။ အဲ့မှာ အင်္ကျီအမဲနဲ့ တယောက်က လုံးလုံးမှောက်သွားပြီး ကျန်တဲ့ကောင်တွေ ပြန်ပတ်ပြေးတာ။ နောက်မှ စခန်းထဲက ဖရဲသီးဆီက ၃ ယောက် ထပ်သေတယ် ဆိုပြီးသိရတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့ အတူ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ လက်ရုံးတပ်)၊ ဆားလင်းကြီးမြို့နယ် ပလဖ၊ C.D.F ချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F၊ Solo အောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေ မဟာမိတ်ညီနောင်တွေအဖြစ် ပူးပေါင်းဆင်နွှဲခဲ့ကြတာလို့ သိရပါတယ်။
Video-𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့