ပြည်သူများ NO Vote လုပ်တာကြောင့် ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်ခြင်းဖြစ်ပြီး နောက်ထပ်ရွေးကောက်ပွဲမှာတော့ မှန်ကန်အောင် ရွေးချယ်ဖို့လိုတယ်လို့ စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း V V Chen က ပြည်သူကိုအပြစ်တင်ပြောဆိုလိုက်ပါတယ်။
လိင်ပညာပေး ဘလော့တွေ ရိုက်ကူးရာကနေ စစ်တပ်လုပ်ဆောင်တဲ့ ရွေးကောက်ပွဲအတုမှာ အကျိုးအမြတ်မျှော်ကိုးပြီး ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုပြီး ဝေဖန်ခံရတဲ့ ဒေါ်နန်းဆုသဇင်(ခ) VV Chen က အခုလို ပြောဆိုလိုက်တာပါ။
လက်ရှိရွေးကောက်ပွဲ ရလဒ်တော်တော်များများ သိရှိပြီးချိန်မှာ သူမရဲ့ လူမူကွန်ရက်စာမျက်နှာက တဆင့် အခုလိုပြည်သူကို အပြစ်တင်တဲ့ပုံစံ ရေးသားပြောဆိုခဲ့တာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ပုတ်ခတ်ပြီး ၈၈ ကျောင်းသားဟောင်း ဦးကိုကိုကြီးရဲ့ ပြည်သူပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ VV Chen ဟာ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
VV Chen ဟာ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) က ပြည်သူလွှတ်တော်နေရာအတွက် ကြံ့ခိုင်းရေးပါတီက အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုး အပါအဝင် ကိုယ်စားလှယ်လောင်း ၇ ယောက်နဲ့ ယှဥ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။
VV Chen က အသစ်တက်လာမယ့် အစိုးရဟာ ပြည်သူတွေ No Vote လုပ်တာကြောင့် အနိုင်ရခြင်း ဖြစ်ပြီး နောက်ထပ် ရွေးကောက်ပွဲတွေမှာ အခုလိုထပ်လုပ်ရင် ဒီလိုပဲထပ်ဖြစ်မယ်လို့ ပြောဆိုထား ပါတယ်။
“ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အသစ်တက်လာတော့မယ့်အစိုးရ အုပ်ချုပ်စီမံမှုအောက်မှာ ၅နှစ်တာ ဖြတ်သန်းကြရတော့မှာ ဖြစ်ပါတယ်။ နောင် ၅နှစ် လာမယ့်ရွေးကောက်ပွဲမှာ အခုတစ်ကြိမ်လိုပဲ ရွေးကောက်ပွဲကို No vote ထပ်လုပ်ကြပြီး၊ အခုတက်လာမယ့် အစိုးရအဖွဲ့အစည်းကိုပဲ ပြည်သူလူထုတွေက နောက်ထပ်တစ်ကြိမ်ရွေးကောက်တင်မြှောက်ကြမလား ဆိုတာကတော့ အခုတစ်ခါလိုပဲ ပြည်သူလူထုတွေရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်” လို့ VV Chen က ပြစ်တင်ရေးသားပြော ဆိုထားပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အခြားသောပါတီတွေထက် အစစအရာရာ သာလွန်အခွင့်အရေးတွေနဲ့ အလွယ်တကူ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအများစုကတော့ ဒီရွေးကောက်ပွဲ အတုအပေါ် စိတ်မဝင်စားမှု မရှိပါဘူး။ ဒါပေမဲ့ စစ်တပ်ကို အလိုလိုက် အကြိုက်ဆောင် အောက်ကျို့ပြီး ဝင်ပြိုင်ခဲ့ကြတဲ့ VV Chen လို ပါတီဝင်တချို့ကတော့ မနိုင်မှန်း သိရမမယ့်ရွေးကောက်ပွဲကို လက်တွေ့ရှုံးတဲ့အခါ စစ်တပ်အပေါ် အပြစ်မတင်ရဲဘဲ အခုလို ပြည်သူအပေါ် ပြစ်တင်ဝေဖန် ပြောဆိုလာတာလည်း ဖြစ်ပါတယ်။